တိုင်းပြည်ငြိမ်းချမ်း ဖွံ့ဖြိုးဖို့ လူတိုင်း တာဝန်ရှိကြောင်း ဒေါ်စုပြော

  • 9 မေ 2017
Image caption အခမ်း အနားကို ဖိတ်ကြား ထားတဲ့ မြန်မာ မိသားစုဝင် ၃၀၀ ကျော် တက်ရောက်ခဲ့ ပါတယ်

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည် ငြိမ်းချမ်းပြီး ဖွံ့ဖြိုး တိုးတက်ဖို့ လူတိုင်းမှာ တာဝန် ရှိကြောင်း၊ ပြည်ပရောက် မြန်မာ နိုင်ငံသားတွေ လည်း တတ်နိုင်တဲ့ ဘက်က ပါဝင် ကူညီ ကြဖို့ ပြောကြား လိုက်ပါတယ်။

Landmark ဟိုတယ် မှာ အင်္ဂါနေ့က ပြုလုပ်တဲ့ မြန်မာ အသိုင်း အဝိုင်းနဲ့ တွေ့ဆုံ တဲ့ အခမ်း အနားမှာ အခုလို ပြောကြား သွားတာ ဖြစ်ပါတယ်။

တွေ့ဆုံတဲ့ ခန်းမထဲ ကို ရောက်ရှိလာတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သံဃာတော်တွေကို အရင်ဦးဆုံး နှုတ်ဆက် ကန်တော့ ခဲ့ပါတယ်။

အဲဒီနောက် မြန်မာ နိုင်ငံမှာ အန်အဲလ်ဒီ အစိုးရရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်း တည်ဆောက်နေတဲ့ ကိစ္စတွေကို အဓိက ရှင်းလင်း ပြောကြား ခဲ့ ပါတယ်။

အခမ်းအနား တက်ရောက်လာ သူတွေရဲ့ အမေးကို ပြန်လည် ဖြေကြားရာမှာ တော့ အပြောင်းအလဲ အတွက် အများကြီး ဆောင်ရွက် နေကြောင်း၊ အထိုက် အလျောက်လည်း ပြောင်းလဲ လာပြီ ဖြစ်ကြောင်း ပြောသွား ပါတယ်။

ငြိမ်းချမ်းရေး ဆောင်ရွက်ချက်တွေ အပေါ် အားမရတဲ့ သူတွေ ရှိနေတဲ့ အပေါ် မှာတော့ အားမရသူ တွေ ကိုယ်တိုင် ပါဝင် ဆောင်ရွက်ဖို့ လိုကြောင်း ပြန်လည် ဖြေကြား သွားခဲ့ ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ အင်မတန်မှ ဆက်နွယ် နေတယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

မြန်မာ နိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲ ဖို့ အတွက်လည်း လူအား ငွေအားနဲ့ ပါဝင် ကူညီကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွား ပါတယ်။

ပြည်ပရောက် မြန်မာတွေ အနေနဲ့ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို ဝိုင်းဝန်းကူညီ အားပေးကြဖို့ ပြောကြားခဲ့ပေမယ့် ဘယ်လို ကူညီနိုင်တယ် အစိုးရက ဘယ်လို လုပ်ပေးမယ် ဆိုတာကိုတော့ ပြောဆိုသွားခြင်း မရှိပါဘူး။

တက်ရောက် လာတဲ့ သူတွေထဲက တဦး ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်နဲ့ အတိုက်အခံ ဖြစ်မှာ စိုးတဲ့ အတွက် လိမ္မာပါးနပ်စွာ ပြောသွား တယ်လို့ ထင်ကြောင်း ပြောပါတယ်။

ဒီအခမ်း အနားကို ဖိတ်ကြား ထားတဲ့ မြန်မာ မိသားစုဝင် ၃၀၀ ကျော် တက်ရောက်ခဲ့ ကြတာ ဖြစ်ပါတယ်။