ဓားပြ ခေါင်းဆောင်ရဲ့ အစ်ကို ဖမ်းမိ

  • 9 မေ 2017
ဓာတ်ပုံ မူပိုင် NARINJARA
Image caption ဖမ်းဆီးခံထားရတဲ့ ဓားပြ အဒူရာ

မေလ ၈ ရက် ည ၉ နာရီ လောက်က မောင်တောမြို့နယ် အတွင်း ဆူရာခါလီ မွတ်ဆလင် ရွာထဲကို ဓါးပြတိုက်ဖို့ ဝင်လာတဲ့ ရခိုင် ပြည်နယ်က နာမည်ကြီး ဓားပြ ခေါင်းဆောင် အဒူလာကိန်းရဲ့ အစ်ကို အဒူရာ ကို ရွာသားတွေနဲ့ နယ်မြေခံ ရဲတပ်ဖွဲ့ ကျေးရွာကာကွယ်ရေး အဖွဲ့ တို့က ဝိုင်းဝန်း ဖမ်းဆီးခဲ့ပါတယ်။

အဒူရာကို လုပ်သေနတ် တစ်လက်နဲ့အတူ ဖမ်းမိခဲ့ပြီး သူနဲ့ အတူ ရွာထဲ ဝင်လာတဲ့ နောက်နှစ်ယောက် ကတော့ ထွက်ပြေး လွတ်မြောက် သွားတယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

ထွက်ပြေး လွတ်မြောက်သွားတဲ့ ထဲက တစ်ယောက်က နယ်ခြားစောင့် ရဲတပ်ဖွဲ့က လိုလားနေတဲ့ ဓားပြ ခေါင်းဆောင် အဒူလာကိန်း ဖြစ်တယ် လို့လည်း ဆိုပါတယ်။

ရွာသားတွေ ဝိုင်းဝန်း ရိုက်နှက် ဖမ်းဆီးလို့ ခေါင်းမှာ ဒဏ်ရာသွားတဲ့ အသက် ၅၅ နှစ် အရွယ် အဒူရာ ကိုတော့ မောင်တော ဆေးရုံမှာ ကုသပေးနေပါတယ်။

အဒူလာကိန်းဟာ မောင်တော မြို့နယ် တောင်ပိုင်းက သဝင်ချောင်း၊ ခွဆုံ၊ ဆူရာခါလီ စတဲ့ ကျေးရွာတွေထဲ ဝင်ရောက်ပြီး လူသတ်မှု၊ ဓားပြမှုတွေ ကျူးလွန် နေသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၉ ရက်နေ့က ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှု ဖြစ်စဉ်မှာလည်း အဒူလာကိန်းနဲ့ အဖွဲ့ ပါဝင် ပတ်သက် ခဲ့တယ်လို့ ခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ခုလို ရွာသားတွေက အကြမ်းဖက်သမား တွေကို ဝိုင်းဝန်း ဖမ်းဆီးတာဟာ ကောင်းတဲ့ လက္ခဏာ ဖြစ်တယ် လို့ ခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မောင်တောမြို့နယ် တောင်ပိုင်းနဲ့ ရသေ့တောင်မြို့နယ် အစပ် ဒေသတွေဟာ အကြမ်းဖက် ဓားပြ အဖွဲ့တွေ လူသတ်မှု ဓားပြမှု တွေကို မကြာခဏ ကျူးလွန်နေတဲ့ ဒေသ တစ်ခု ဖြစ်ပါတယ်။

မေ ၅ ရက် ကလည်း မောင်တော မြို့နယ် တောင်ပိုင်းက ရေခပ်ချောင်း ခွဆုံ ကျေးရွာနေ အာမတ်အာလမ် နဲ့ အသက် ၁၈ နှစ် အရွယ် အာရာအူလာ တို့ကို လည်ပင်းမှာ ဓားဒဏ်ရာတွေ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က တွေ့ရှိ ခဲ့ပါတယ်။