နမ္မတူ မြို့နယ်ထဲ မြေမြှုပ်မိုင်း နင်းမိလို့ နှစ်ယောက် ဒဏ်ရာရ

  • 9 မေ 2017
Image caption နမ္မတူမှာ တိုက်ပွဲတွေ ပြင်းထန်နေ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့နယ် ပန်ဆမ့်ရွာက အမျိုးသမီး နှစ်ဦး ပြီးခဲ့တဲ့ တနင်္လာနေ့က မြေမြှုပ်မိုင်း နင်းမိလို့ ဒဏ်ရာ ကိုယ်စီ ရရှိသွားပြီး တစ်ယောက်ဆို ခြေထောက် တစ်ဘက် လုံးဝ ဖြတ်လိုက် ရတယ်လို့ လိုအပ်တဲ့ အကူအညီ တွေ ပေးခဲ့ ကြသူတွေက ပြောပါတယ်။

နမ့်ခွန်ရွာကို ပန်ဆမ့်ကနေ လက်ဖက် လာအပို့ အခုလို မိုင်းနင်း မိကြတာ ဖြစ်ပြီး၊ အရေးပေါ် ခွဲစိတ်ကုသမှုတွေ ခံယူ ခဲ့ကြရပါတယ်။

ခြေထောက် တစ်ဘက် လုံးဝ ပြတ်ထွက်သွားသူရဲ့ အခြေအနေဟာ ဖြစ်စမှာ အတော် စိုးရိမ်ရပေမယ့် အခုတော့ အနည်းငယ် တိုးတက်လာတယ် ဆိုပြီး နမ္မတူ ကချင် ခရစ်ယာန် နှစ်ခြင်း အသင်းတော်က ဓမ္မဆရာ ဦးမြတ်ဆန်က ဘီဘီစီကို ပြောပါတယ်။

အဲဒီ ဒေသမှာ အစိုးရ စစ်တပ်နဲ့ တအာင်းလက်နက်ကိုင် TNLA အကြား တိုက်ပွဲတွေ ပြင်းထန် နေချိန်မှာ အခုလို အရပ်သားတွေ ထိခိုက် ခဲ့ရတာ ဖြစ်ပြီး ဘယ် အဖွဲ့က ထောင်ထားတဲ့ မိုင်းလည်း ဆိုတာတော့ မသိရ သေးပါဘူး။

နမ္မတူ မြို့နဲ့ ၅ မိုင် ဝန်းကျင် လောက် အကွာက အရပ်တွေမှာ တိုက်ပွဲတွေ ရှိနေပြီး၊ စစ်ဒဏ်ကြောင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင် လာနေရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။