မင်္ဂလာတောင်ညွန့် မြို့နယ်ထဲ ရာနဲ့ချီ အုပ်စုဖွဲ့ လာရောက်

  • 9 မေ 2017
Image caption လူနှစ်ယောက် ရိုက်နှက် ခံခဲ့ရ

မေလ ၉ ရက်ည ၁ဝ နာရီ ဝန်းကျင်မှာ ရန်ကုန် မင်္ဂလာတောင်ညွန့် မြို့နယ် ကို အမျိုးသားရေး လှုပ်ရှားသူတွေလို့ ဆိုတဲ့ အုပ်စု ရာနဲ့ချီ စုဝေး ရောက်လာ ခဲ့ပြီး တိုင်းပြည်ထဲ ခိုးဝင် နေထိုင်သူတွေ ရှိတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ၁၂၃ လမ်းထဲက နေအိမ် တိုက်ခန်း တခုထဲ လူ တချို့ ဝင်ရောက် ရှာဖွေ တာမျိုးတွေ ပြုလုပ် ခဲ့ပါတယ်။

တိုက်ခန်းထဲ ဘာမှ မတွေ့ရပဲ ပြန်လည် ဆင်းလာပြီး နောက်မှာတော့ အနီးနား ပတ်ဝန်းကျင်က သူ နှစ်ယောက်ကို တုတ်တွေနဲ့ ရိုက်နှက်တာမျိုး ပြုလုပ် ခဲ့လို့ အရိုက် ခံရသူတွေကို ဆေးရုံ တင်လိုက်ရပါတယ်။

အဲဒီနောက်မှာတော့ ရပ်ကွက် ဒေသခံတွေ ရောက်လာပြီး အခြေအနေဟာ ရှုပ်ထွေး လာတဲ့ နောက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ကြားဝင် ထိန်းသိမ်း ခဲ့ရပါတယ်။

အဲဒီသူတွေဟာ ဒီလို ရှာဖွေတာမျိုး ပြုလုပ်ဖို့ သက်ဆိုင်ရာ ရဲစခန်းဆီ အရင် သွားရောက် တောင်းဆိုတာတွေ ပြုလုပ် ခဲ့တဲ့ အတွက် သူတို့နဲ့ အတူ ရဲ အရာရှိတွေ၊ လဝက အရာရှိတွေလည်း အတူရှိနေတယ် ဆိုပြီး မင်္ဂလာတောင်ညွန့် ပြည်သူ့လွှတ်တော် အမတ် ဒေါ်ဖြူဖြူသင်းက ဘီဘီစီကို ပြောပါတယ်။

အဲဒီ အုပ်စုရဲ့ အပြုအမူတွေဟာ အာဏာပိုင်တွေ၊ ရဲတွေရဲ့ တာဝန် ဝတ္တရားကို စွက်ဖက် ကျူးလွန်ရာ ရောက်နေပြီး ဥပဒေမဲ့ ပြုမူ နေတာ ဖြစ်တယ်လို့ ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

အဲဒီလူအုပ်ဟာ အော်ဟစ် ကြိမ်းမောင်းတာမျိုး၊ ဆဲဆိုတာမျိုးတွေ ပြုလုပ် ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ခရိုင်အဆင့် တိုင်းအဆင့်ကပါ ရဲတွေ အကူ ရောက်လာတဲ့ နောက်မှာတော့ အဲဒီ အုပ်စု အော်ဟစ်ပြီး ကားတွေနဲ့ ပြန်လည် ထွက်သွားကြပါတယ်။

မင်္ဂလာတောင်ညွန့်က လမ်းတိုင်း လူတွေ မအိပ်နိုင်ပဲ စိုးရိမ်စိတ်နဲ့ လမ်းတွေပေါ် ထွက်ထိုင် နေကြရတယ်လို့ ဒေသခံ တယောက်လည်း ဖြစ်တဲ့ ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးမြအေးက ဘီဘီစီကို ပြောပါတယ်။

ရဲစခန်း အရှေ့ ရုတ်ရုတ်သည်းသည်း ဖြစ်ကြချိန်မှာ သေနတ်ကျည် ထွက်သွားတာမျိုး ဖြစ်ခဲ့တယ်လို့ ဦးမြအေးက အတည်ပြုပေမယ့် ဘယ်သူဘယ်ဝါကို ချိန်ရွယ် ပစ်ခတ် တာမျိုး မဟုတ်ပဲ မတော်တဆ ကျည်ထွက် သွားတယ်ဆိုပြီး သူ့ အနေနဲ့ နားလည် ရတယ်လို့ ဆိုပါတယ်။

မင်္ဂလာတောင်ညွန့်ကို အခုလို လူအင်အားစုပြီး လာမယ်ဆိုတဲ့ အကြောင်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာထက် တစ်ရက် နှစ်ရက် အရင် ကြိုတင် ရောက်ရှိလာပြီး သတင်းမှားတွေ ဖန်တီး လာတာ တွေ့နေရပေမယ့် အာဏာပိုင်တွေ ဘက်က အရေးယူ ဆောင်ရွက်ဖို့ ပျက်ကွက် ခဲ့တယ် ဆိုပြီး ကိုမြအေးက ဝေဖန် သုံးသပ်ပါတယ်။

သာကေတမှာ ဧပြီလ အကုန်ပိုင်း တုန်းကလည်း အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတွေကို ဗလီ ဝတ်ကျောင်းတွေ အဖြစ် အသုံးချနေတယ် ဆိုပြီး အခုလိုမျိုးပဲ လူတွေ ရာနဲ့ချီ အုပ်စုဖွဲ့ ရောက်လာခဲ့ပြီး အဆောက်အဦတွေထဲထိ ဝင်ရောက် ရှာဖွေ တာတွေ ပြုလုပ် ခဲ့ပါတယ်။

ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ အသွင် ပေါ်ပေါက် လာစေဖို့ လှုံ့ဆော် နေတဲ့ ပုံစံမျိုး ဖြစ်နေပြီး အခြေအနေဟာ ရိုးသားမှု မရှိဘူးလို့ နိုင်ငံရေး အကဲခတ်တွေက ဝေဖန် နေကြပြီး ဒေါ်ဖြူဖြူသင်းကတော့ မင်္ဂလာတောင်ညွန့် ပြည်သူတွေ အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် နိုင်ခဲ့လို့ အခြေအနေဟာ အတန်သင့် အေးဆေး သွားခဲ့တယ်လို့ ဆိုပါတယ်။

မင်္ဂလာတောင်ညွန့် ဖြစ်ရပ်မှာ အရိုက်နှက် ခံလိုက်ရသူတွေ ရှိပေမယ့် အာဏာပိုင်တွေဘက်က ဖမ်းဆီး ထိန်းသိမ်းထားသူ မရှိဘူးလို့ သိရပါတယ်။