ရာထူးအပြောင်းအလဲ ဖြစ်သွားတဲ့ တပ်မတော် အရာရှိတွေ အကြောင်း

  • 10 မေ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်မှာ လူငယ်တွေကို ပိုနေရာ ပေးတာတွေ့ရ

မြန်မာ့ တပ်မတော်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူး နှစ်နေရာ အပါအဝင် ရာထူး နေရာ ၃၀ ကျော် အပြောင်း အလဲ ဖြစ်ခဲ့ ပါတယ်။

ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ် မျိုးဇော်သိန်းကို ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူး တိုးပေးပြီး ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်းရေး အထူးအဖွဲမှူး ၅ ( ကစထ-၅ ) တာဝန် ပေးလိုက်ပါတယ်။

ကစထ-၅ တာဝန်ဟာ ရန်ကုန်တိုင်း ဒေသကြီးရဲ့ လုံခြုံရေးကို ကြီးကြပ်ရတဲ့ ရာထူး ဖြစ်ပြီး မြန်မာ့ တပ်မတော်မှာ အရေးပါတဲ့ ရာထူး ဖြစ်ပါတယ်။

အရင်က ဒီတာဝန်ကို ယူခဲ့သူတွေဟာ မြန်မာ့ တပ်မတော်ရဲ့ ထိပ်တန်း ခေါင်းဆောင်တွေ ဖြစ်လာ ခဲ့တဲ့ အစဉ်အလာ ရှိခဲ့ ပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး ဖြစ်သွားတဲ့ ဗိုလ်ချုပ် မျိုးဇော်သိန်းဟာ စစ်တက္ကသိုလ် အမှတ်စဉ် ၂၈ ဆင်း ဖြစ်ပြီး တပ်မတော် စစ်ဆေးတက္ကသိုလ် ကျောင်းအုပ် တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ရန်ကုန်တိုင်း တိုင်းမှူး ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

လက်ရှိ ဒုတိယ ဗိုလ်ချုပ်ကြီးတွေ ထဲမှာ ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းဟာ အသက် အငယ်ဆုံး ဖြစ်တဲ့အတွက် အနာဂတ် မြန်မာ့ တပ်မတော်ရဲ့ ခေါင်းဆောင် ဖြစ်နိုင်သူလို့လည်း လေ့လာသူ တွေက သုံးသပ်နေကြပါတယ်။

ဒါ့အပြင် တွဲဘက် စစ်ထောက်ချုပ် တာဝန်ယူထားတဲ့ ဗိုလ်ချုပ် မင်းနောင် ကိုလည်း ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူး တိုးပေးလိုက်ပြီး တပ်မတော် စစ်ဆေးရေးနဲ့ စာရင်းစစ် အရာရှိချုပ် စတတ ( ကြည်းရေ လေ ) တာဝန် ပေးလိုက်ပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး ဖြစ်သွားတဲ့ ဗိုလ်ချုပ် မင်းနောင်ဟာ OTS-66 သင်တန်းဆင်း ဖြစ်ပြီး တိုင်းမှူး တာဝန် မထမ်းဆောင်ဖူးတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဖြစ်လာသူပါ။

ဗိုလ်ချုပ်မင်းနောင်ကို လက်ရှိ တပ်မတော် အကြီးအကဲ တွေက သဘောကျကြောင်းနဲ့ တိုက်ပွဲတွေမှာ ထူးချွန်သူ ဖြစ်ကြောင်း ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် လေးတင် အငြိမ်းစား ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောပါတယ်။

တပ်မ ၉၉ တပ်မမှူး တာဝန် ကနေ လားရှိုး အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာသူ ဗိုလ်ချုပ် ခင်လှိုင်ဟာ အလုပ်သင် ဗိုလ်သင်တန်းကျောင်း တက်ခဲ့သူတွေထဲက ပထမဆုံး တိုင်းမှူး ဖြစ်လာသူ ဖြစ်ပါတယ်။

လစ်လပ်သွားတဲ့ ရန်ကုန်တိုင်း တိုင်းမှူး နေရာကို စစ်တက္ကသိုလ် အမှတ်စဉ် ၂၉ သင်တန်းဆင်း မုံရွာ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှုး ဗိုလ်မှူးချုပ် သက်ပုံကို ပြောင်းလဲ ခန့်အပ်လိုက်ပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ကိုတော့ လားရှိုး အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ်ကို ကို ပြောင်းလဲ ခန့်အပ်လိုက် ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တာဝန် ယူပြီး နောက်ပိုင်းမှာ လူငယ်တွေကို တပ်မတော်ရဲ့ ထိပ်တန်း ရာထူးတွေ ပိုပေး လာတာ တွေ့ရပါတယ်။