မင်္ဂလာတောင်ညွန့် အငြင်းပွားမှုကို စုံစမ်းစစ်ဆေးမယ်

  • 10 မေ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption မင်္ဂလာတောင်ညွန့်မှာ မျိုးချစ်အင်အားစု ဆိုသူတွေနဲ့ ရပ်ကွက်သားတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့

မတ်လ ၉ရက်နေ့ ည ၁၀နာရီလောက်က မင်္ဂလာတောင်ညွန့်မြို့နယ်က တိုက်ခန်းတခန်းမှာ အထောက်အထားမဲ့ ဘင်္ဂါလီတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မျိုးချစ် အင်အားစုဆိုတဲ့ လူတွေက ရဲတွေနဲ့ အတူ အဲဒီ တိုက်ခန်းထဲ ဝင်ရောက် ရှာဖွေခဲ့အပြီး ရပ်ကွက်သားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ရာမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ကြားဝင် ထိန်းသိမ်းခဲ့ရပါတယ်။

အခုအခါ အခြေအနေတွေ ပုံမှန် ဖြစ်နေပြီ ဖြစ်ကြောင်းနဲ့ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ မင်္ဂလာတောင်ညွန့် မြို့နယ် ရဲစခန်းက အမှု ပြန်လည် တည်ဆောက်ပြီး စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ စီစဉ်နေကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဋ္ဌေးက ဘီဘီစီကို ပြောပါတယ်။

ဒီဖြစ်ရပ်မှာ ကိုယ်တိုင် လိုက်ပါသွားခဲ့တဲ့ ရန်ကုန် မျိုးချစ် မြန်မာ ရဟန်းတော်များ သမဂ္ဂ အတွင်းရေးမှူး ဦးသုစိတ္တက အဲဒီတိုက်ခန်းမှာ အထောက်အထားမဲ့ ဘင်္ဂါလီ နှစ်ဦးကို တွေ့ရှိခဲ့ပေမယ့် သက်ဆိုင်ရာက အရေးယူ ဖမ်းဆီး ထိန်းသိမ်းတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

တရားဥပဒေ မစိုးမိုးလို့ အထောက်အထားမဲ့ ဘင်္ဂါလီတွေ ဝင်ရောက်လာနေတာ ဖြစ်ပြီး သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးမယူတဲ့အတွက် မျိုးချစ် အင်အားစုတွေက ကြားဝင်ခဲ့ရတာလို့ မိန့်ပါတယ်။

ဒါပေမယ့်လည်း မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှဋ္ဌေးကတော့ အထောက်အထားမဲ့ ဘင်္ဂါလီတွေ ရှိနေတယ် ဆိုတဲ့ တိုက်ခန်းမှာ တွေ့ရှိခဲ့သူတွေဟာ မှတ်ပုံတင်တွေ၊ သန်းခေါင်စာရင်းတွေနဲ့ တရားဝင် နေထိုင်နေသူတွေ ဖြစ်ကြောင်း စစ်ဆေး တွေ့ခဲ့တဲ့အတွက် အရေးမယူခဲ့တာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့ကလည်း အမျိုးသားရေး လှုပ်ရှားသူ လူအင်အား တရာလောက်ရဲ့ ဖိအားပေးမှုကြောင့် ယာယီ ချိတ်ပိတ်ခံခဲ့ရတဲ့ သာကေတမြို့နယ် မှာ ရှိတဲ့ အစ္စလာမ်ဘာသာ စာသင်ကျောင်း ၂ ကျောင်းနားမှာ လုံခြုံရေးတွေ ချထားခဲ့ရပြီး အခု မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ကြောင့် အများပြည်သူအကြား စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။