အငြင်းပွားစရာ မြို့နယ် အုပ်ချုပ်ရေး ဥပဒေမူကြမ်း

  • 10 မေ 2017
Image caption နေပြည်တော်က လွှတ်တော်အဆောက်အအုံ

မြို့နယ် အုပ်ချုပ်ရေး ဥပဒေမူကြမ်းကို လွှတ်တော်မှာ တင်သွင်းထားပြီး မကြာခင်မှာ လွှတ်တော်ပြန်စတဲ့အခါ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီဥပဒေကြမ်းကို သူရဦးရွှေမန်း ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားတဲ့ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် က ရေးဆွဲထားတာဖြစ်ပါတယ်။

ဒီဥပဒေရဲ့ အခန်း ၄၊ ပုဒ်မ ၆ မှာ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဟာ သက်ဆိုင်ရာ ပြည်နယ်တိုင်း ဝန်ကြီးချုပ်ကို တာဝန်ခံရမယ် ဆိုတဲ့ အချက်ပါဝင်ပါတယ်။ အဲဒီအချက်ကို ထောက်ပြပြီး ဒီဥပဒေဟာ ပြည်ထဲရေးဝန်ကြီးက လုံးဝချုပ်ကိုင်ထားတဲ့ ကျေးရွာမြို့နယ် အုပ်ချုပ်ရေးကို အရပ်သား အစိုးရလက် အပ်လိုက်တဲ့ ဥပဒေဆိုပြီး ပြောဆိုသုံးသပ်မှုတွေရှိပါတယ်။ ဒါပေမယ့် အငြင်းပွားစရာ စဉ်းစားစရာတွေ အများအပြား ရှိပါတယ်။

ဒီဥပဒေအရ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ကို ထွေအုပ်ဌာနရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌနေရာကိုယူထားပြီး ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးက အတွင်းရေးမှူး နေရာယူထားပါတယ်။ ဒါ့အပြင် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဥပေဒအရာရှိ လဝက ဦးစီးမှူးနဲ့ မြို့နယ် စီမံကိန်းဌာန ဦးစီးမှူးတို့က အဖွဲ့ဝင်တွေအဖြစ်ပါဝင်ကြပါတယ်။ ဒီတော့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ရဲ့ အဓိက အာဏာရှိတဲ့ ပုဂ္ဂိုလ်တွေဟာ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်က လူတွေပဲ ဖြစ်ကြပါတယ်။

ဒီဥပဒေရဲ့ အခန်း ၆ ပုဒ်မ ၉ (ဃ)နဲ့ (င) မှာ ဥပဒေနဲ့ မညီတဲ့ လူစုလူဝေးကို ရဲတပ်ဖွဲ့သာမက စစ်တပ်အင်အားကိုပါ အသုံးပြုပြီး လူစုခွဲနိုင်တဲ့ အခွင့်အာဏာကို မြို့နယ် အုပ်ချုပ်ရေးမှူး ကို ပေးအပ်လိုက်တာ ကိုတွေ့ရပါတယ်။

ဓာတ်ပုံ မူပိုင် HEIN HTET
Image caption ဆန္ဒပြပွဲဖြိုခွဲခံရ

မြို့နယ်အုပ်ချုပ်ရေးမှူးဟာ ဆန္ဒပြပွဲတွေကို အမိန့်ထုတ်တားမြစ်ပြီး လူစုခွဲမိန့်ပေးတဲ့ စနစ်ကို ကျင့်သုံးနေတာဟာ အချိန်တော်တော်ကြာခဲ့ပါပြီ။ အမိန့်ကြေညာချက်ထုတ်ပြန်ပြီး ကျင့်သုံးခဲ့တာဖြစ်ပါတယ်။ အဲဒီအမိန့်ကြေညာချက် တွေဟာ ဥပဒေမဟုတ်တဲ့ အတွက် တရားမဝင်ဘူးလို့ လက်ပံတန်းကျောင်းသားချီတက်ပွဲမှာ ရှေ့နေတွေဘက်က ကန့်ကွက်ခဲ့ကြပါတယ်။

အခုအဲဒီအမိန့်ကြေညာချက်ကို ဥပဒေနဲ့ အညီဖြစ်အောင် ပြဋ္ဌာန်းလာတဲ့ သဘောဖြစ်ပါတယ်။

ဒါပေမယ့် ဒီဥပဒေမှာပဲကိုးကားဖော်ပြထားတဲ့ ရာဇဝတ်မှုကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၇၊ ၁၂၈ တို့မှာတော့ အမိန့်ပေးနိုင်ခွင့်ရှိသူဟာ ရာဇဝတ်တရားသူကြီး သို့မဟုတ် ရဲစခန်းမှူးဖြစ်ပါတယ်။

ဒါ့အပြင်မှာ ဒီဥပဒေအရ မြို့နယ်အုပ်ချုပ်ရေးမှူးဟာ ပြည်နယ်တိုင်း ဝန်ကြီးချုပ်ကို တာဝန်ခံရမယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးဟာ ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်က ဝန်ထမ်းဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမှု ညွှန်ကြားမှု အမိန့်ပေးမှုအောက်မှာ နေရသူဖြစ်ပါတယ်။ ဒီတော့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်ထဲရေး၀န်ကြီးတို့ရဲ့ ညွှန်ကြားချက်တွေဟာ မတူညီဘဲ ကွဲလွဲခဲ့မယ်ဆိုရင် အရပ်သားအစိုးရနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ကြားမှာ ပဋိပက္ခတွေ အငြင်းပွားမှုတွေ ပေါ်ပေါက်လာစရာရှိတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က သုံးသပ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ