၂၁ ရာစုပင်လုံ ANP တက်ဖို့ မဆုံးဖြတ်နိုင်သေး

  • 10 မေ 2017
ဓာတ်ပုံ မူပိုင် ANP
Image caption စစ်တွေမြို့ ပါတီ ဌာနချုပ်မှာ စည်းဝေး

ရခိုင်ပြည်နယ်မှာ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ခွင့်မရတဲ့ အတွက် လာမယ့် ၂၁ ရာစုပင်လုံညီလာခံကို ရခိုင်အမျိုးသားပါတီ တက်ရေး မတက်ရေးကို သူတို့ ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီရခိုင်အမျိုးသား ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို မေလ ၁ဝ ရက်က စစ်တွေမြို့ ပါတီ ဌာနချုပ်မှာ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

မေလ ၁၂ ရက်မှာ ကျင်းပမယ့် UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီ အစည်းအဝေးကို ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်တက်ပြီး နောက်ပိုင်းမှ အခြေအနေကို ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ပြန်ခေါ်ပြီး ဆုံးဖြတ်မယ်လို့ သိရပါတယ်။

ANP ရဲ့ အခုအစည်းအဝေးဟာ ပင်လုံ ညီလာခံကို တက်ရေး မတက်ရေးနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးခဲ့ကြတဲ့ အစည်းအဝေး ဖြစ်ပါတယ်။

ဒီအတောအတွင်း UPDJC အပြင် နိုင်ငံတော် အစိုးရ ကိုလည်း ရခိုင်မှာ နိုင်ငံရေး အဆင့် ဆွေးနွေးပွဲရအောင် တင်ပြတောင်းဆိုမှာ ဖြစ်တယ်လို့ ရခိုင် အမျိုးသား ပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဆိုပါတယ်။

ယခင်က ပြုလုပ်ခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံကို အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင် အဖွဲ့ တခု ဖြစ်တဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီရော၊ ရခိုင်အမျိုးပါတီရော တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

ဒီတကြိမ်မှာတော့ ၂၁ ရာစု ပင်လုံညီလာခံ မတိုင်မီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို သက်ဆိုင်ရာ ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေမှာ ပြုလုပ်ရမယ်လို့ ဆုံးဖြတ်ချက် ရှိထားပေမယ့် ရခိုင်ပြည်နယ်မှာ ပြုလုပ်ခွင့် မရတာကြောင့် အခုလို နိုင်ငံရေး အရ အကျပ်အတည်း ပေါ်ပေါက်နေတာ ဖြစ်ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ