ရေနံကဏ္ဍ ပထမဆုံးနိုင်ငံခြားရင်းနှီးမှု

  • 11 မေ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ရေနံသိုလှောင်ကန်၊ဆိပ်ကမ်းနဲ့ ရေနံတင်သင်္ဘော

မြန်မာ့ရေနံ နဲ့ ရေနံထွက်ကုန်ပစ္စည်းကဏ္ဍမှာ ပထမဆုံးနိုင်ငံခြားရင်းနှီးမြှပ်နှံမှု အဖြစ် Puma Energy ပူမားစွမ်းအင် ကုမ္ပဏီဟာ မြန်မာပိုင် Asia Sun အာရှဆမ်ကုမ္ပဏီတို့ ပူးပေါင်းပြီး အမေရိကန် ဒေါ်လာ ၉၂ သန်း ရင်းနှီးမြှုပ်နှံထားပါတယ်။

Puma Energy Asia Sun ဖက်စပ်ကုမ္ပဏီဟာ ရေနံနဲ့ ရေနံထွက်ကုန်ပစ္စည်း သိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်းကို လုပ်ကိုင်မှာဖြစ်ပြီး သီလဝါဆိပ်ကမ်းမှာ သူတို့ တည်ဆောက်ထားတဲ့ Petroleum Terminal စက်သုံးဆီ သိုလှောင်ကန်ဆိပ်ကမ်းကို မေလ ၆ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြားကုမ္ပဏီအနေနဲ့ ဖြန့်ဖြူးရောင်းချခွင့်မရှိသေးတာကြောင့် Puma Energy Asia Sun ဖက်စပ်ကုမ္ပဏီဟာ တခြား မြန်မာပိုင်ကုမ္ပဏီတွေက တင်သွင်းလာတဲ့ ရေနံနဲ့ရေနံထွက်ကုန်ပစ္စည်းတွေကို ဝန်ဆောင်ခယူပြီး သိုလှောင်ထားပေးမှာ ဖြစ်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ ရေနံထွက် ပစ္စည်း ရောင်းဝယ်ရေးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က ပြောပါတယ်။

စက်သုံးဆီဟာ ပြည်တွင်းဝယ်လိုအားများပြီး ပြည်တွင်းထုတ်လုပ်မှုက လုံလောက်မှုမရှိတာကြောင့် နိုင်ငံခြားက တင်သွင်းနေရတာကြာပြီလို့ သူက ပြောပါတယ်။

အခုလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကြောင့် ခေတ်မီ သိုလှောင်ကန်နဲ့ ဆိပ်ကမ်းတည်ဆောက်နိုင်ပြီး စားသုံးဆီပြတ်လပ်မှု မရှိအောင် သိုလှောင်ထားနိုင်မယ်၊ နိုင်ငံတကာအဆင့်မီ ဘေးအန္တရာယ်ကင်းရှင်းရေး စနစ်ရှိတဲ့ အတွက် အန္တရာယ်အတွက် စိတ်ချရတယ်၊ အလုပ်သမားတွေအနေနဲ့လည်း ခေတ်မှီတဲ့ လေ့ကျင့်သင်တန်းပေးမှုတွေ ရမယ် စတဲ့ အကျိုးတွေ ရှိတယ်လို့ ဦးမြင့်ဇော်က ပြောပါတယ်။

ရရှိတဲ့ အကျိုးအမြတ်ကို မြန်မာပိုင် Asia Sun က ၂၀ ရာခိုင်နှုန်း၊ Puma Energy က ၈၀ ရာခိုင်နှုန်း ခွဲဝေ ခံစားကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Puma Energy ကုမ္ပဏီမှာ နိုင်ငံပေါင်း ၄၅ နိုင်ငံမှာ ရင်းနီးမြှုပ်နှံလုပ်ကိုင်နေတဲ့ ကုမ္ပဏီဖြစ်ပြီး မြန်မာပိုင် Asia Sun ကတော့ ပြည်တွင်းစက်သုံးဆီ ရောင်းဝယ်မှုမှာ အတွေ့အကြုံရှိတဲ့ ကုမ္ပဏီလို့ သိရပါတယ်။