တောင်ညွန့် အမှု ၇ ဦးကို ရဲက တရားစွဲ

  • 11 မေ 2017
ဓာတ်ပုံ မူပိုင် LYNN BO BO
Image caption ပဋိပက္ခတွေ ဖြစ်ပေါ် လာအောင် သွေးထိုးသူတွေ ရှိနေတယ် ဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်

ပြီးခဲ့တဲ့ အင်္ဂါ ညတုန်းက မင်္ဂလာတောင်ညွန့် မြိုနယ်ထဲ လူတွေ ရာနဲ့ချီပြီး အုပ်စုဖွဲ့ ဝင်ရောက်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုစုပေါင်း ၇ ဦးကို ရဲက တရားစွဲလိုက်တယ်လို့ တရားရုံး သတင်းရပ်ကွက်က ဘီဘီစီကို အတည်ပြုပါတယ်။

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပေါ် လာအောင် သွေးထိုးသူတွေ ရှိနေတယ် ဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်ထွန်း နေချိန်မှာ အာဏာပိုင်တွေ ဘက်က အခုလို အရေးယူ ကိုင်တွယ် လာတာ ဖြစ်ပါတယ်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့က တရားလို လုပ်ပြီး မင်္ဂလာတောင်ညွန့် မြို့နယ် တရားရုံးမှာ တရားစွဲလိုက်တဲ့သူ ၇ ဦး ရှိတဲ့ အနက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး နှစ်ပါး ပါဝင် နေတယ်လို့ ဘီဘီစီ အနေနဲ့ သိရှိ ထားပါတယ်။

လူမှု အသိုင်းအဝန်း တခုက တခြား လူ့အသိုင်းအဝိုင်း တခု အပေါ် ရာဇဝတ်မှုတွေ ကျူးလွန် လာအောင် လှုံ့ဆောင် သွေးထိုးမှု ဆိုတဲ့ ရာဇသတ်ကြီး ပုဒ်မ ၅ဝ၅ (ဂ) နဲ့ တရားစွဲ ထားတာ ဖြစ်တယ်လို့ သတင်း ရင်းမြစ်တွေက အတည်ပြု ပြောဆိုပါတယ်။

ဒီလို တရားစွဲ ခံလိုက်ရသူတွေ ထဲက အနည်းဆုံး ၂ ယောက်ကို ဖမ်းဆီး ထားနှင့်ပြီ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

တိုင်းတပါးက တရားမဝင် ဝင်ရောက် နေထိုင် သူတွေ မင်္ဂလာတောင်ညွန့် မြို့နယ်ထဲ ရှိနေတယ် ဆိုတဲ့ စွဲချက်နဲ့ မေလ ၉ ရက် ည ၁ဝ နာရီ ဝန်းကျင်က လူတွေ ရာနဲ့ချီ အုပ်စုဖွဲ့ ဝင်ရောက် လာခဲ့ သူတွေကို အဓိက ဦးဆောင်သူတွေ အခုလို အရေးယူ ခံရတာ ဆိုပြီး နားလည် ရပါတယ်။

ဓာတ်ပုံ မူပိုင် LYNN BO BO
Image caption အဓိကရုဏ်း နှိမ်နင်းရေးရဲတွေ ရောက်လာ

တိုင်းပြည်ထဲ တရားမဝင် နေထိုင်ခြင်းကို ဥပဒေကြောင်း အရ အရေးယူ ကိုင်တွယ်ဖို့ ဆိုတာ ရဲ အပါအဝင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့တွေရဲ့ တာဝန်သာ ဖြစ်ပြီး အမျိုးသားရေး လှုပ်ရှား သူတွေလို့ ခံယူ ထားသူတွေရဲ့ အပြုအမူတွေဟာ အာဏာပိုင်တွေရဲ့ တာဝန် ဝတ္တရား တွေကို စွက်ဖက် ရာ ရောက်နေတယ်လို့ မင်္ဂလာတောင်ညွန့် မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ လ အကုန်ပိုင်းကပဲ သာကေတ မြို့နယ်ထဲမှာ အစ္စလာမ် ဘာသာရေး စာသင်ကျောင်း ၂ ကျောင်းကို ပစ်မှတ်ထား ခဲ့တဲ့ အလားတူ လူတွေ ရာချီ အုပ်စုဖွဲ့ ဖိအားပေးမှုမျိုး ပေါ်ပေါက် ခဲ့တာကို ကြည့်ရင် အဖြစ်အပျက်တွေဟာ တခုနဲ့ တခု ဆက်စပ် နေတယ် ဆိုပြီး ဒေါ်ဖြူဖြူသင်းက ဆိုပါတယ်။

နိုင်ငံရေး မတည်မငြိမ်ဖြစ်အောင် ရည်ရွယ်ချက် ရှိသူတွေက လှုံ့ဆော် နေတယ်လို့ ဒေါ်ဖြူဖြူသင်း ပြောသွားသလိုပဲ အလားတူ ဝေဖန် သုံးသပ်ကြသူတွေလည်း မနည်း လှပါဘူး။

ဒါပေမယ့် ဘယ်လို နိုင်ငံရေး ရည်ရွယ်ချက်မျိုး ရှိလို့လဲ၊ ဘယ်အဖွဲ့အစည်း ဘယ်လူပုဂ္ဂိုလ်ရဲ့ ဩဇာခံလဲ စတဲ့ မေးခွန်းတွေ အပေါ်မှာတော့ ဝေဖန် သူတွေ အနေနဲ့ တိတိကျကျ လက်ဆုပ်လက်ကိုင် ပြောဖို့ရာ အခက်အခဲ ရှိပါတယ်။

အခုလို မင်္ဂလာတောင်ညွန့် အဖြစ်အပျက်မှာတော့ ရဲက အမှုဖွင့် တရားစွဲ လာပြီ ဖြစ်တဲ့ အတွက် တကယ်လို့ ရုံးတော် ကြားနာ စစ်ဆေးမှုတွေ ရှိလာရင် အမျိုးသားရေး အင်အားစု ဆိုတာတွေရဲ့ နောက်ကွယ် အထိ တစွန်းတစ လောက်ပဲ ဖြစ်ဖြစ် မြင်ရဖို့ အခွင့်အရေး ရှိလာနိုင်တယ်လို့ လေ့လာသူတွေက မျှော်လင့် နေကြပါတယ်။

ရပ်ရွာ အတွင်းမှာ စိုးရိမ်မှုတွေ ရှိနေဆဲပဲ ဆိုတာ နားလည် ပေမယ့် သိပ်ပြီးတော့ အစိုးရိမ် မလွန်ဖို့ ဒေါ်ဖြူဖြူသင်းက တိုက်တွန်း ပါတယ်။

မင်္ဂလာတောင်ညွန့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ အုပ်ချုပ်ရေး အာဏာပိုင်တွေ၊ သက်ဆိုင်ရာ လွှတ်တော် အမတ် တွေသာမက အရပ်ဖက် လူမှု အဖွဲ့အစည်းတွေပါ စုစည်း ပြီးတော့ ရပ်ကွက် အခြေပြု ရဲလုပ်ငန်းတွေ ဆောင်ရွက်ခြင်း မျိုးနဲ့ ရပ်ရွာ လုံခြုံရေး တွေ တိုးမြှင့် နိုင်ဖို့ ဆွေးနွေး ခဲ့ကြပြီး ဖြစ်တယ် ဆိုပြီး ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

ဒါပေမယ့်လည်း လူမှု ကွန်ရက် တွေပေါ်မှာ မင်္ဂလာတောင်ညွန့်ထဲ လူစုလူဝေးနဲ့ မကျေပွဲ ပြန်လာနွှဲမယ် ဆိုတဲ့ လှုံဆော် စာတွေ တွေ့နေရတာကြောင့် အခြေအနေဟာ သတိ ဝီရိယ ထားပြီး စောင့်ကြည့် ရဦးမှာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောနေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ