အမေရိကန် အမဲသား တရုတ်တင်သွင်းခွင့် ပြုတော့မယ်

  • 12 မေ 2017
ဓာတ်ပုံ မူပိုင် STR
Image caption ကုန်သွယ်ရေးမှာ တရုတ်က တစ်ဖက်သပ်အသာရနေတယ်လို့ အမေရိကန်ကပြော

တရုတ်နဲ့ ကုန်သွယ်ရေးမှာ သွင်းကုန်များနေတာကို လျှော့မယ့် ကုန်သွယ်ရေး စာချုပ်သစ် တရပ် ချုပ်ဆိုခဲ့တယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။

အခုလို စာချုပ်ချုပ်ခဲ့တာနဲ့ ပတ်သက်ပြီး တရုတ် စီးပွားရေး ဒုဝန်ကြီး မစ္စတာ ကန်းရွှမ်က

'ကျနော်တို့ နှစ်ဘက်လုံး အကျိုးရှိမယ့် ရက်တရာ စီးပွားရေး အစီအစဉ်ကို အချိန်တို အတွင်းမှာ သဘောတူမှု ယူနိုင်တဲ့အတွက် ၂ ဖက် အပြန်အလှန် လေးစားမှု ရှိမယ်ဆိုရင် သဘောမတူတာတွေကို ကောင်းကောင်း ဖြေရှင်းနိုင်တယ်ဆိုတာ သက်သေပြလိုက်တာပါပဲ' ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။

ဒီစာချုပ်အရ တရုတ်က အမေရိကန် အမဲသားတွေကို က တင်ပို့ခွင့်ပြုမှာ ဖြစ်ပြီး၊ အမေရိကန်ကလည်း တရုတ်ဖက်က တင်ပို့လာမယ့် ချက်ပြုတ်ပြီး အသားတွေကို အမေရိကန်စျေးကွက်ထဲ တင်သွင်းခွင့် ပြုမှာ ဖြစ်ပါတယ်။ စာချုပ်ထဲပါလာတဲ့ သဘောတူညီချက် တချို့ကတော့ အရင်ကတည်းက တရုတ်ဖက်က သဘောတူထားပြီးသားတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

လောလောဆယ် ကုန်သွယ်ရေးမှာ တရုတ်ဆီက အသွင်းများနေပြီး ပြီးခဲ့တဲ့ နှစ်မှာ ဒေါ်လာ ဘီလီယံ ၃၅၀ အထိ အနုတ်ပြနေတဲ့ အမေရိကန်က ဘယ်လောက်အထိ ဒါကို လျှော့ချနိုင်မယ်ဆိုတဲ့ အချက်ကတော့ ဒီစာချုပ်သစ်မှာ ရှင်းရှင်းလင်းလင်း မပါခဲ့ပါဘူး။

ရပ်ဝန်းတစ်ခု၊ လမ်းကြောင်း တစ်ခု

တရုတ်နိုင်ငံရဲ့ အာရှ၊ ဥရောပနဲ့ အာဖရိကတို့နဲ့ ကုန်သွယ်ရေး ချိတ်ဆက်မှု တိုးမြှင့်ဖို့အတွက် ကုန်းနဲ့ ရေ လမ်းကြောင်းဟောင်းတွေကို ပြန်လည် ဆန်းသစ် အသုံးပြုမယ့် စီမံကိန်းမှာ နီပေါနိုင်ငံလည်း ပါဝင်လာပါတယ်။

ဒီစီမံကိန်းမှာ နီပေါမြို့တော် ခတ္တမန္ဒူမြို့ကနေ တိဘက်မြို့တော် လာဆာအထိ ရထားလမ်းဖောက်မယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။

ရပ်ဝန်းတစ်ခု၊ လမ်းတစ်ကြောင်းလို့ အမည်ပေးထားတဲ့ တရုတ်ရဲ့ ဒီစီမံကိန်းကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက နိုင်ငံ ၂၈ နိုင်ငံနဲ့ လာမယ့် တနင်္ဂနွေနေ့မှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။

အဲဒီ ဆွေးနွေးပွဲကို မြန်မာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မှာ ဖြစ်ပါတယ်။ နိုင်ငံခြားရေးရာ သုံးသပ်သူတွေကတော့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး တရုတ်ဆီက ငွေကြေးအကူအညီ ယူရမယ့် နိုင်ငံတွေအတွက် ပြန်ပေးဖို့ အခက်အခဲဖြစ်နိုင်တယ်လို့ ဝေဖန်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ