ဒုတိယ ပင်လုံမှာ ပြည်နယ် ဖွဲ့စည်းပုံဥပဒေ ရေးဆွဲရေး ဆွေးနွေးမယ်

  • 12 မေ 2017
ဓာတ်ပုံ မူပိုင် MOI Webportal Myanmar Facebook
Image caption ဒုတိယ ပင်လုံညီလာခံမှာ အန်စီအေ လမ်းကြောင်း အတိုင်း သွားမယ်လို့ ကတိကဝတ်ပြုတဲ့ အဖွဲ့တွေကို တက်ရောက်ခွင့် ပေးမှာ ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးကပြော

လာမယ့် မေလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် ဒုတိယအကြိမ် ၂၁ရာစု ပင်လုံညီလာခံမှာ ပြည်နယ် ဖွဲ့စည်းပုံဥပဒေ ရေးဆွဲဖို့ကိစ္စ ဆွေးနွေးဖို့ အတွက် နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (ယူပီဒီဂျေစီ) အစည်းအဝေးက သဘောတူခဲ့တယ်လို့ သိရပါတယ်။

ပြည်နယ် ဖွဲ့စည်းပုံ ဥပဒေ ရေးဆွဲမယ်ဆိုရင် ပြည်ထောင်စု ဖွဲ့စည်းပုံ ဥပဒေကို မဆန့်ကျင်တဲ့ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်နဲ့ ဥပဒေပြဋ္ဌာန်းခွင့်တွေ ပါဝင် ရေးဆွဲနိုင်တယ်လို့ ပအိုဝ်း လွတ်မြောက်ရေးတပ်ဖွဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဘီဘီစီကို ပြောပါတယ်။

အခုလို ကျင်းပတော့မယ့် ဒုတိယ ပင်လုံညီလာခံမှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် အန်စီအေမှာ လက်မှတ်ထိုးထားတဲ့သူတွေနဲ့ မထိုးရသေးပေမယ့် အန်စီအေ လမ်းကြောင်း အတိုင်း သွားမယ်လို့ ကတိကဝတ်ပြုတဲ့ အဖွဲ့တွေကို တက်ရောက်ခွင့် ပေးမှာ ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးက ဘီဘီစီကို ပြောပါတယ်။

မေလ ၁၂ ရက်နေ့မှာ ၁၀ ကြိမ်မြောက် ကျင်းပခဲ့တဲ့ ဒီ ယူပီဒီဂျေစီ အစည်းအဝေးမှာ လာမယ့် တပတ်ကျော်မှာ ကျင်းပမယ့် ဒုတိယ ပင်လုံ ညီလာခံမှာ ဆွေးနွေးမယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ ့သယံဇာတ စတဲ့ကဏ္ဍတွေနဲ ့ပတ်သက်တဲ့အချက် ၄၁ ချက်ကိုလည်း သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

အခုလို သဘောတူလိုက်တဲ့အထဲမှာ ယူပီဒီဂျေစီ အတွင်းရေးမှူးအဖွဲ့က တင်ပြတဲ့ နိုင်ငံရေး ကဏ္ဍ ၆ ရပ် ဖြစ်တဲ့ အချုပ်အချာ အာဏာ၊ အချုပ်အချာ အာဏာ ကျင့်သုံးမှု၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ် ပြည်ထောင်စုမူနဲ့ ပါတီစုံ ဒီမိုကရေစီစနစ် ဆိုင်ရာ ကဏ္ဍတွေ ပါဝင်ပြီး ပြည်နယ် ဖွဲ့စည်းပုံ ဥပဒေ ရေးဆွဲရေး ကိစ္စကတော့ ဒီနိုင်ငံရေး ကဏ္ဍတွေထဲမှာ သဘောတူချက်တခု အဖြစ်ပါဝင်နေတာ ဖြစ်ပါတယ်။

အခုလို ပြည်နယ် ဖွဲ့စည်းပုံ ဥပဒေ ရေးဆွဲတဲ့ အစီအစဉ်ကို ဒုတိယ ပင်လုံမှာ ဆွေးနွေးမှာ ဖြစ်ပေမယ့် တကယ်တမ်း ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြင်ဆင်နိုင်ရင်တော့ တိုင်းရင်းသားတွေအတွက် အကျိုးမရှိနိုင်ဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ