ပြင်းထန်တဲ့ အမျိုးသားရေး လှုပ်ရှားသူတွေကို ဖမ်းဆီး

  • 12 မေ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ဦးဝင်းကိုကိုလတ်အပါအဝင် မြန်မာ့ အမျိုးသားရေးကွန်ရက် အဖွဲ့ဝင် ၄ ဦး ဖမ်းဆီးခံရ

ကမာရွတ်မြို့နယ် တရားရုံးမှာ အမှု စစ်ဆေး ခံဖို့ ရောက်လာခဲ့တဲ့ မြန်မာ့ အမျိုးသားရေး ကွန်ရက် ဥက္ကဌ ဦးဝင်းကိုကိုလတ် အပါအဝင် အဖွဲ့ဝင် လေးယောက်ကို မေလ ၁၂ ရက် ရုံးချိန်းမှာ တရားရုံး က စစ်ဆေး အပြီး ဖမ်းဆီးပြီး အင်းစိန် အကျဉ်းထောင်ကို ပို့လိုက်တယ်လို့ အဲဒီအဖွဲ့ ကို ထောက်ခံနေသူ တယောက် က ဘီဘီစီ ကို ပြောပြပါတယ်။

ဦးဝင်းကိုကိုလတ် အပါအဝင် လူ လေး ယောက်နဲ့ သံဃာတော် သုံး ပါး ဟာ ၂၀၁၆ ခုနှစ် ဧပြီလ အတွင်း က အမေရိကန် သံရုံးရှေ့မှာ တရားမဝင် လူစုဝေးမှု ပုဒ်မ ၁၉ အရ တရားစွဲ ခံခဲ့ရပြီး နောက်ပိုင်းမှာ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲ ခံခဲ့ရတယ်လို့ ဦးစည်သူမြင့်က ပြောပါတယ်။

ရုံးချိန်းလာကြသူ ဦးဝင်းကိုကိုလတ်၊ နောင်တော်လေး ခေါ် ဦးနိုင်ဝင်းထွန်း၊ ဦးသက်မျိုးဦး၊ ဦးနေဝင်းအောင် ခေါ် ဦးရန်ကုန် တို့ ကို တရားရုံး က အာမခံ မပေးတဲ့အတွက် သက်ဆိုင်ရာ က ဖမ်းဆီး လိုက်တာ ဖြစ်ပါတယ်။

အဲဒီအမှု နဲ့ ပတ်သက်ပြီး သူတို့နဲ့ အတူ တရားစွဲ ခံနေရတဲ့ မြန်မာ့ အမျိုးသားရေး ကွန်ရက် က သံဃာတော် ဦးပါမောက္ခ၊ ဦးဉာဏ ဓမ္မ၊ ဦးသုစိတ္တ တို့ ကတော့ တရားရုံးကို လာရောက်ခဲ့ခြင်း မရှိ ပါဘူး။

နောက် ဖြစ်ရပ်တစ်ခုအနေနဲ့ မေလ ၉ ရက်နေ့ ညက မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ တရားမဝင် ဝင်ရောက် လာသူတွေကို ရှာဖွေဖို့ ကြိုးစားတဲ့ လုအုပ်စုထဲက တစ်ယောက် ဖြစ်သူ ကိုလတ် ခေါ် ကို တင်ထွဋ်ဇော်နဲ့ ဇနီးဖြစ်သူ မအောင် ခေါ် မအောင်အောင်မြင့် တို့ကို လည်း မေလ ၁၁ ရက် ညက ဖမ်းဆီးခဲ့ပြီး မေလ ၁၂ ရက်နေ့မှာ ရုံးထုတ်ခဲ့တယ်လို့ မင်္ဂလာ တောင်ညွန့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။

အဲဒီ အဖြစ်အပျက်တွေ အတွက် ရဲတွေက သံဃာ ၂ ပါးနဲ့ လူ ၅ ယောက် စုစုပေါင်း ၇ ယောက် ကို ဖမ်းဝရမ်း ထုတ်လိုက်ပြီးနောက်မှာ လူ နှစ်ယောက်ကိုသာ ရဲတွေက ဖမ်းမိခဲ့ပေမဲ့ သံဃာတော် ဦးသုစိတ္တနဲ့ နောက် သံဃာ တစ်ပါး အပါအဝင် ငါးယောက် ကတော့ ထွက်ပြေး တိမ်းရှောင် နေတယ်လို့ လည်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။

တိမ်းရှောင် နေသူတွေက မျိုးချစ်ရဟန်းတော်များ သမဂ္ဂ အဖွဲ့က ဆရာတော် ဦးသုစိတ္တ၊ ဦးပညာဝံသတို့ ဖြစ်ကြပြီး ကျန်သူတွေက တင်လင်းထိုက် ခေါ် လင်းလင်း၊ အကြီးကောင်ခေါ် တင်ဋ္ဌေးအောင်နဲ့ မြတ်ဘုန်းမိုရ် ဆိုသူတို့ ဖြစ်ကြ ပါတယ်။