ရန်ကုန်မှာ လုံခြုံရေး တိုးမြှင့်ထားတယ် ဆိုပြီး ရန်ကုန် ရဲမှုးချုပ် ပြော

  • 13 မေ 2017
Image caption သတိပေး တပ်လှန့်ထား

ရန်ကုန်မြို့ပေါ်မှာ လူမျိုးရေး၊ ဘာသာရေး အခြေခံတဲ့ အဓိကရုဏ်းတွေ ပေါ်ပေါက် မလာအောင် ရဲတပ်ဖွဲ့တွေ တိုးမြင့် ချထားပြီး၊ ရဲတပ်ဖွဲ့ အတွင်းမှာလည်း အရေးတကြီး အခြေအနေ အဖြစ် သတိပေး တပ်လှန့်ထားတယ်လို့ ရန်ကုန် ရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှုးချုပ် မြဝင်းကို ကိုးကားပြီး သတင်းတွေက ဖော်ပြ နေပါတယ်။

မွတ်ဆလင်မ်တွေ နေထိုင်တဲ့ အရပ်တွေမှာ ရဲကင်းတွေ လှည့်ပေးနေပြီး၊ ဘာသာရေး အဆောက်အဦးတွေ ရှိတဲ့ နေရာတွေမှာလည်း လုံခြုံရေး တိုးမြှင့် ထားတယ်လို့လည်း ရဲမှုးချုပ် က ပြောတယ်လို့ ရိုက်တာ သတင်း ဌာနက ဆိုပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က မင်္ဂလာတောင်ညွန့် မြို့နယ်ထဲ အမျိုးသားရေး လှုပ်ရှားသူတွေလို့ ခံယူသူတွေ ရာနဲ့ချီ အုပ်စုဖွဲ့ ဝင်ရောက်လာပြီး ခိုးဝင် နေထိုင်သူတွေ ရှိတယ်ဆိုတဲ့ စွဲချက်နဲ့ မွတ်ဆလင်ပိုင် တိုက်ခန်းထဲ ရှာဖွေတာတွေ ပြုလုပ် ခဲ့တဲ့ ဖြစ်ရပ်ရဲ့ နောက်ဆက်တွဲ ပေါ်ပေါက် လာတဲ့ အခြေအနေ ဖြစ်ပါတယ်။

အဲဒီ လူအုပ်ကို ဦးဆောင် ခဲ့သူတွေလို့ ယူဆ ရသူ စုစုပေါင်း ၇ ဦးကို ဖမ်းဝရမ်း ထုတ်ခဲ့ပြီး၊ လောလောဆယ် ၂ ယောက်ကို ဖမ်းဆီး ထားပါတယ်။

ဒါနဲ့ တချိန်တည်းမှာပဲ၊ လွန်ခဲ့တဲ့ ၁ နှစ်ကျော်က အမေရိကန် သံရုံးရှေ့ ဆန္ဒပြမှုနဲ့ အမှု ရင်ဆိုင် နေရတဲ့ အမျိုးသားရေး သမားတွေလို့ ခံယူသူ ၄ ယောက်ကို တရားရုံး ရုံချိန်းမှာပဲ ဖမ်းဆီး ခဲ့ပါတယ်။

မတည်မငြိမ် ဖြစ်အောင် လှုံ့ဆော် လှုပ်ရှား နေသူတွေကို အစိုးရက ကိုင်တွယ်ဖို့ ပျက်ကွက်နေတယ် ဆိုတဲ့ ပြောဆို ဝေဖန်သံတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေချိန်မှာ အခုလို ပြင်းထန်တဲ့ အမျိုးသားရေး အခြေခံနဲ့ လှုပ်ရှား နေသူတွေ အပေါ် အာဏာပိုင်တွေ ဘက်က ကိုင်တွယ် လာတာ ဖြစ်ပါတယ်။