ဒုက္ခသည် စခန်းကို လှူတာတွေ လက်နက်ကိုင်တွေဆီ ရောက်နေတယ်လို့ စွပ်စွဲ

  • 13 မေ 2017
Image caption ICRC ဥက္ကဌ ပီတာ မော်ရာနဲ့ နေပြည်တော်မှာ တွေ့ဆုံ

မြန်မာနိုင်ငံထဲ လူသားချင်း စာနာ ထောက်ထားတဲ့ အကူအညီ တွေကို ပေးတဲ့အခါ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ ICRC အနေနဲ့ အမှန်တကယ် လိုအပ်နေသူတွေကိုသာ ပေးပါ ဆိုပြီး မြန်မာ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

တချို့ အကူအညီ တွေဟာ လိုအပ် နေသူတွေဆီ မရောက်ပဲ လက်နက်ကိုင် တွေဆီ ရောက်နေတာမျိုး ရှိတယ် ဆိုပြီးတော့လည်း ဗိုလ်ချုပ်မှုးကြီး က စွပ်စွဲ ပြောဆို လိုက်ပါတယ်။

ဒါ့အပြင် နာမည်ခံ ဒုက္ခသည် စခန်းတွေလည်း ရှိနေပြီး၊ တချို့ IDP စခန်း တွေဆိုတာ အရပ်သားတွေကို လက်နက်ကိုင်တွေက လူသားဒိုင်း သဖွယ် အသုံးချချင်လို့၊ ဒါမှမဟုတ် အဲဒီ စခန်းတွေက တဆင့် အထောက်အပံ့တွေ ရချင်လို့ ဖွင့်ထားတာ ဆိုပြီးတော့လည်း ကာကွယ်ရေး ဦးစီးချုပ်က ပြင်းပြင်းထန်ထန် ပြောဆို ပါတယ်။

မြန်မာ နိုင်ငံမှာ ရောက်နေတဲ့ ICRC ဥက္ကဌ ပီတာ မော်ရာနဲ့ နေပြည်တော်မှာ တွေ့ဆုံတုန်း ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က အဲဒီလို ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘယ် ဒုက္ခသည် စခန်းတွေနဲ့ ဘယ် လက်နက်ကိုင် အဖွဲ့တွေလည်း ဆိုတာကိုတော့ နာမည်တပ် ပြောဆို ခဲ့ခြင်း မရှိပါဘူး။

ဒါ့အပြင် ရခိုင် ပြည်နယ်ထဲ ICRC အနေနဲ့ ကူညီ ထောက်ပံ့မှုတွေ ပြုလုပ် နေတာကို ကန့်ကွက်ဖို့ မရှိပေမယ့် လက်ခံ ရရှိ နေသူတွေကို လူဆိုး လူကောင်း ခွဲခြား နိုင်ဖို့ အတွက် မှတ်တမ်းမှတ်ရာ စာရင်းဇယား အတိအကျ ထားပါ ဆိုပြီးတော့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က တိုက်တွန်းခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန် ချက်ထဲ တွေ့ရပါတယ်။

ရခိုင်ပြည်နယ်ထဲ အစိုးရ စစ်တပ်ရဲ့ စစ်ရေး လှုပ်ရှားမှုတွေ အတွင်း အရပ်သား ရိုဟင်ဂျာ မွတ်ဆလင်တွေ ဆိုးဆိုးရွားရွား ပစ်မှတ်ထား ခံခဲ့ရတယ် ဆိုတဲ့ နိုင်ငံတကာရဲ့ စွပ်စွဲ ပြစ်တင်သံ တွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။

ရခိုင်ပြည်နယ်ထဲ အစိုးရ စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေဟာ မြောက်အိုင်ယာလန် အရေး ကိစ္စမှာ ဗြိတိန်က ကိုင်တွယ်ခဲ့ပုံနဲ့ တူညီတယ်လို့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြောခဲ့ပါတယ်။

အကြမ်းဖက် တိုက်ခိုက်တာတွေ ခံခဲ့ရတဲ့ နောက်ပိုင်း လုံခြုံရေး ဆောင်ရွက်ချက် တွေမှာ ရဲတပ်ဖွဲ့ကို တပ်မတော်က လိုအပ်သလို ကူညီခဲ့တာ ဖြစ်တယ် ဆိုပြီး မြောက်အိုင်ယာလန် ငြိမ်းချမ်းရေး ရရှိအောင် ဗြိတိန် အစိုးရဘက်က အဓိက ကြားဝင် ညှိနှိုင်း ပေးခဲ့တဲ့ ဂျော်နသန် ပါဝဲလ်နဲ့ တွေ့ဆုံတုန်း ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က အဲဒီလို ပြောခဲ့တာပါ။

မြန်မာ စစ်တပ် အကြီးအကဲဟာ နေပြည်တော်မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က နိုင်ငံတကာ ပဋိပက္ခ ဖြေရှင်းရေး ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ အင်တာမီဒီယိတ် အဖွဲ့ရဲ့ ခေါင်းဆောင် ဂျော်နသန် ပါဝဲလ်နဲ့ တွေ့ဆုံ ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ တွေ့ဆုံပွဲမှာပဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်ဆလင်တွေ အနေနဲ့ ရိုဟင်ဂျာ ဆိုတဲ့ သတ်မှတ်မှု ပြောဆိုမှုကို စွန့်လွှတ်ပြီး ဘင်္ဂါလီတွေသာ ဖြစ်တယ် ဆိုတာကို ပထမဆုံး လက်ခံရမှာ ဖြစ်တယ်လို့လည်း ပြောဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ