ရပ်ဝန်းတစ်ခု၊ လမ်းတစ်ခု ညီလာခံ ဘေဂျင်းမှာ ဒီနေ့ စမယ်

  • 13 မေ 2017
Image caption ကူမင်း ကနေ တဆင့် ဘေဂျင်းကို ရောက်နေပြီ

တရုတ် သမ္မတ ရှီကျင်းပင်ရဲ့ မဟာဗျူဟာမြောက် စီးပွားရေး စီမံကိန်း ဖြစ်တဲ့ ရပ်ဝန်းတစ်ခု၊ လမ်းတစ်ခု One Belt, One Road စီမံကိန်းကို ကမ္ဘာ့ ခေါင်းဆောင်တွေကို ရှင်းပြမယ့် နှစ်ရက်တာ ထိပ်သီးညီလာခံ တစ်ရပ် ဘေဂျင်းမြို့တော်မှာ ဒီကနေ့ (မေလ ၁၄ ရက်) စတင်တော့မှာ ဖြစ်ပါတယ်။

ဒီ ညီလာခံကို နိုင်ငံပေါင်း ၂၈ နိုင်ငံက အစိုးရ ခေါင်းဆောင်တွေနဲ့ ကျန်နိုင်ငံ အများအပြားက အစိုးရ အဆင့်မြင့် အရာရှိတွေ လာတက် ကြမှာ ဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ယူနန် ပြည်နယ်မြို့တော် ကူမင်း ကနေ တဆင့် ဘေဂျင်းကို ရောက်ရှိ နေပြီ ဖြစ်ပါတယ်။

ကမ္ဘာ အရှေ့ခြမ်းနဲ့ အနောက်ခြမ်း ဆက်စပ် ပေးမယ့် ကုန်သွယ်ရေး လမ်းကြောင်းကြီး ဖော်ဆောင်ဖို့ ရည်ရွယ် ထားတဲ့ ခေတ်သစ် ပိုးလမ်းမကြီး သဖွယ် One Belt, One Road စီမံကိန်းထဲ မြန်မာနိုင်ငံလည်း အစိတ်အပိုင်း အနေနဲ့ ပါဝင် နေပါတယ်။

တောင်အာရှ နိုင်ငံတွေ၊ အရှေ့တောင် အာရှ နိုင်ငံတွေနဲ့ တရုတ် ကြား ဆက်သွယ်မယ့် ရထားလမ်း ကားလမ်းတွေ မြန်မာ နိုင်ငံထဲကနေ ဖြတ်သွားဖို့ ရည်ရွယ်ထားသလို၊ တရုတ်ရဲ့ ပြည်ပ နိုင်ငံတွေက ဝယ်ယူထားတဲ့ ရေနံတွေကို တင်ပို့မယ့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ ရေနံ ပိုက်လိုင်း တို့လို လုပ်ငန်းတွေလည်း မြန်မာ နိုင်ငံထဲ ရှိနေပါတယ်။

တရုတ် နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီး မြှုပ်နှံမှုတွေ အလုံးအရင်း ရှိနေတာမှာ တခြား လုပ်ငန်းတွေမှာ အခွင့်အရေး ပိုမို ရရှိမယ်ဆိုရင် ဒေသခံတွေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ အသည်းအသန် ကန့်ကွက်တာ ကြုံနေရတဲ့ ဧရာဝတီ မြစ်ဆုံ ရေတာတမံ တည်ဆောက်ရေး စီမံကိန်းကို တရုတ်က နောက်ဆုတ် သွားနိုင်တယ် ဆိုတဲ့ သုံးသပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။