ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရုံးနဲ့ ဆွေးနွေးပွဲ လုပ်ဖို့ အသင့်ပဲလို့ မြန်မာပြော

  • 13 မေ 2017
Image caption ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး အဘူလ် ဟာဆန် မာမွတ် အလီ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နိုင်ငံခြားရေးရုံးတွေကြား ဆိုင်းငံ့ထားတဲ့ ဆွေးနွေးပွဲတွေ ပြန်စဖို့ အသင့် ရှိနေပြီလို့ မြန်မာ ဘက်က ပြောလာတဲ့ အကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်တွင်း မီဒီယာတွေမှာ ဖော်ပြ နေပါတယ်။

တာဝန်ကနေ ပြီးဆုံးလို့ ဒါ့ကားမြို့ကနေ ပြန်တော့မယ့် မြန်မာသံအမတ် ဦးမျိုးမြင့်သန်း အတွက် ကျင်းပတဲ့ နှုတ်ဆက်ပွဲမှာ ဦးမျိုးမြင့်သန်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး အဘူလ် ဟာဆန် မာမွတ် အလီကို ပြောဆို ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံကြား အပြန်အလှန် ဆက်ဆံရေးမှာ ကဏ္ဍ အားလုံးအတွက် အမြင်တွေကို နိုင်ငံခြားရေး ဝန်ကြီး ဌာန အချင်းချင်း ဆွေးနွေး ဖလှယ်ကြတဲ့ အဲဒီ FOC အစည်းအဝေးတွေကို ဘင်္ဂလားဒေ့ရှ်ဘက်က တစ်ကြိမ်မက ရွှေ့ဆိုင်း ထားခဲ့ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း မတည်မငြိမ်မှုတွေ အတွင်း ရိုဟင်ဂျာ မွတ်ဆလင် ၇ သောင်းလောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေး လာခဲ့ကြတဲ့ နောက် ဘင်္ဂလားဒေ့ရှ်ဘက်က ဆွေးနွေးပွဲတွေ ဆိုင်းငံ့ ထားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး အလီရဲ့ ထုတ်ပြန်ချက် တစ်စောင် မေလ ၁၂ ရက် ရက်စွဲနဲ့ ထွက်လာတဲ့ အထဲမှာတော့ မြန်မာနိုင်ငံနဲ့ကြား ယုံကြည်မှုတွေ တိုးတက်လာအောင် ဘင်္ဂလားဒေ့ရှ် ဘက်က စောင့်နေတာ ဖြစ်တယ်လို့ ဖော်ပြ ထားပြီး၊ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လို့တော့ ထည့်သွင်း ပြောဆို ထားတာမျိုး မရှိပါဘူး။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဘင်္ဂလာဒေ့ရှ် နိုင်ငံကို ဖိတ်ခေါ် ထားတယ်လို့လည်း ဝန်ကြီး အလီရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြ ထားပါတယ်။