PPST အဖွဲ့တွေ အားလုံးသဘောတူညီမှုရဖို့ လိုသေး

  • 14 မေ 2017
Image caption မကြာခင်ကလည်း အပစ်ရပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ ၈ ဖွဲ့နဲ့ ဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ဟာ ချင်းမိုင်မြို့မှာ ၂ ရက်ကြာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး တနင်္ဂနွေနေ့က ပြီးဆုံးသွားပါပြီ။

နောက် ၁၀ ရက်မှာ ကျင်းပတော့မယ့် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ မကြာခင်ရက်ပိုင်းတွေက UPDJC အစည်းအဝေးတွေ ကျင်းပခဲ့ပြီး အဲဒီမှာ ဆွေးနွေးခဲ့တာတွေကို အခု PPST က ပြန်လည်တင်ပြ သုံးသပ် ဆွေးနွေးကြတာ ဖြစ်ပါတယ်။

ဒီ ၈ ဖွဲ့စလုံးရဲ့ ဘုံသဘောတူညီချက်အနေနဲ့ ရဖို့က အဆင့်တစ်ဆင့် ထပ်လိုသေးပြီး အဲဒါကတော့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပြန်ညှိနှိုင်းဖို့ လိုနေတာ ဖြစ်တယ်လို့ PPST အကြံပေး ဦးခွန်ဆိုင်းက ပြောပါတယ်။

နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့သယံဇာတ စတဲ့ ခေါင်းစဉ် ၅ ခုထဲမှာ လုံခြုံရေးပိုင်းကို သဘောတူထားပြီးသား ဖြစ်ပေမယ့် ကျန်တဲ့အပိုင်း ၄ ပိုင်းကိုတော့ ထပ်ပြီး ညှိနှိုင်းဖို့လိုသေးတယ်၊ အထူးသဖြင့် နိုင်ငံရေးပိုင်းမှာ ညှိနှိုင်းဖို့ လိုနေတယ်လို့ ဦးခွန်ဆိုင်းက ပြောပါတယ်။

လုံခြုံရေးပိုင်းကတော့ ခက်ခဲပေမယ့် ပြည်ထောင်စုထဲမှာ တပ်မတော်တစ်ခုတည်းရှိရေးကို သဘောတူညီထားတယ်လို့ သူက ဆိုပါတယ်။

နိုင်ငံရေးနဲ့ပတ်သက်ပြီး အချုပ်အချာအာဏာ၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖွဲ့စည်းပုံနဲ့ အာဏာခွဲဝေမှု စတဲ့အပိုင်းတွေမှာ ပြန်ဆွေးနွေးဖို့ လိုတယ်လို့ ပြောပါတယ်။

သက်ဆိုင်ရာ ဒေသအဖွဲ့အစည်းဆိုရာမှာ ဥပမာ ရှမ်းပြည်နယ်မှာဆိုရင် ရှမ်းပြည်ညီညွတ်ရေးကော်မတီ၊ ကရင်ဆိုရင် ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (KUPC)စတဲ့ သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပြန်ညှိနှိုင်းဆွေးနွေးမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ