ဝရမ်းထုတ်ခံထားရသူ ၂ ဦး ရဲစခန်းမှာ လာအဖမ်းခံ

  • 15 မေ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ပြင်းထန်တဲ့ အမျိုးသားရေး လှုပ်ရှားသူ တချို့ သောကြာနေ့ ရုံးချိန်းမှာ အဖမ်းခံခဲ့ရ

မင်္ဂလာတောင်ညွန့် မြိုနယ်မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ မေလ ၉ ရက်နေ့က ဖြစ်ခဲ့တဲ့ ရုန်းရင်း ဆန်ခတ်မှုမှာ ဖမ်းဝရမ်း ထုတ်ခံထားရသူ ၇ ယောက် ထဲက နောက်နှစ်ယောက် မေလ ၁၅ ရက် တနင်္လာနေ့က ရဲစခန်းမှာ သွားရောက် အဖမ်းခံခဲ့ပါတယ်။

ညနေ ၄ နာရီ လောက်က ထင်လင်းထိုက်နဲ့ တင်ဌေးအောင် ဆိုသူတို့က သူတို့ သဘောနဲ့ သူတို့ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းမှာ သွားရောက် အဖမ်းခံခဲ့ပြီးနောက် အာဏာပိုင်တွေက မြို့နယ် တရားရုံးမှာ သွားရောက် ရမန် ယူခဲ့တယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်က ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်က ပြောပါတယ်။

တရားရုံးကနေ အင်းစိန်ထောင်ကို ဆက်လက် ခေါ်ဆောင်သွားတယ်လို့လည်း သူက ပြောပါတယ်။

ဝရမ်းထုတ် ထားသူတွေထဲ ကလောလောဆယ် သံဃာ နှစ်ပါးနဲ့ လူတစ်ယောက် ကိုပဲ ဖမ်းဖို့ ကျန်တော့တာ ဖြစ်ပါတယ်။

သူတို့ကို ဆက်လက် ဖမ်းဆီးနိုင်ရေးအတွက်လည်း သက်ဆိုင်ရာက ဆောင်ရွက် နေတယ်လို့ သိရကြောင်း ဦးရန်အောင်က ပြောပါတယ်။

မေလ ၉ ရက်နေ့က ဖြစ်ရပ်နောက်ပိုင်းမှာ မင်္ဂလာတောင်ညွန့် မြို့နယ်က ရဲမှူးကို နေရာ ရွှေ့ပြောင်းလိုက်တယ်လို့ ပြောနေတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ဘီဘီစီက မေးကြည့်ရာမှာ အဲဒီ ဖြစ်ရပ် မတိုင်ခင် ကတည်းက ပြောင်းမိန့် ကျထားတာ ဖြစ်ပြီး အဲဒီ ဖြစ်ရပ်ကြောင့် ပြောင်းရွှေ့ခံရတာ မဟုတ်ဘူးလို့ ရဲစခန်း ဘက်ကနေ သိရကြောင်း ဦးရန်အောင်က ပြောပါတယ်။