KIO ကိစ္စ လာမယ့် UNFC ညီလာခံမှာ ဆုံးဖြတ်မယ်

  • 15 မေ 2017
ဓာတ်ပုံ မူပိုင် GAM MARYIP FACEBOOK
Image caption UNFCထဲကနေ KIO ထွက်သွားပေမယ့် ကျန်တဲ့အဖွဲ့တွေနဲ့ နဂိုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်ရပ်တည် လုပ်ဆောင်သွားမယ်

UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ အဖွဲ့ထဲကနေ KIO ကချင်လွတ်လပ်ရေးအဖွဲ့ နုတ်ထွက်စာ တင်ထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဇွန်လဆန်းမှာ ကျင်းပမယ့် UNFC ညီလာခံမှာ ဆုံးဖြတ်မယ်လို့ UNFC ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက ပြောပါတယ်။

UNFCအဖွဲ့ထဲကနေ KIO နှုတ်ထွက်ခွင့်ပြုဖို့ တင်ပြလာတဲ့ စာကို ဧပြီလ ၂၉ရက်နေ့မှာ လက်ခံ ရခဲ့တယ်လို့ နိုင်ဟံသာက ပြောပါတယ်။

KIO အဖွဲ့အနေနဲ့ နီးစပ်ရာ မြောက်ပိုင်းမဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ထိုးစစ်တွေကို ခုခံနေရတဲ့ အနေအထားကြောင့် အချင်းချင်း အကူအညီပေးနိုင်အောင် မြောက်ပိုင်းအင်အားစုတွေရဲ့ လမ်းကြောင်းအတိုင်း ရပ်တည်သွားဖို့ UNFCအဖွဲ့ထဲကနေ နုတ်ထွက်လိုက်တာလို့ ယူဆကြောင်း နိုင်ဟံသာက ဘီဘီစီကို ပြောပါတယ်။

UNFCအဖွဲ့ အနေနဲ့ကတော့ နဂိုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ကျန်တဲ့ အဖွဲ့ဝင်တွေနဲ့ ဆက်ရပ်တည် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

မေလ ၂၄ရက်နေ့မှာ ကျင်းပမယ့် ဒုတိယအကြိမ် ၂၁ရာစု ပင်လုံညီလာခံမှာ UNFCအဖွဲ့ကို လေ့လာသူအဖြစ်သာ တက်ရောက်ခွင့် ဖိတ်ကြားလာမယ် ဆိုရင်တော့ သဘောထား ပေးပိုင်ခွင့် ရှိမှာ မဟုတ်တဲ့အတွက် ညီလာခံ တက်ရောက်မှာ မဟုတ်ဘူးလို့ နိုင်ဟံသာက ပြောပါတယ်။