အမျိုးသမီးအုပ်ချုပ်ရေးမှူးတွေ ရင်ဆိုင်ရတဲ့ အခက်အခဲများ

  • 16 မေ 2017
ဓာတ်ပုံ မူပိုင် BBC BURMESE
Image caption ကျေးရွာအုပ်ချုပ်ရေးမှူး အဖြစ် နှစ်ခါပြန် အရွေးခံရတဲ့ ဒေါ်မို့မို့ဆွေ

မြန်မာ နိုင်ငံတဝန်းက ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး အမျိုးသမီး ၈၄ ယောက်ကို နေပြည်တော်မှာ အရည် အသွေးမြှင့် အုပ်ချုပ်ရေး သင်တန်း ပေးနေပါတယ်။

သင်တန်းကာလ တစ်ပတ်ကြာမှာ ဖြစ်ပြီး UNDP ကုလ သမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်က ပေးနေတာ ဖြစ်ပါတယ်။

လုပ်ငန်း တစ်ခုကို တစ်ယောက်တည်း စဉ်းစား ဆောင်ရွက်မယ့် အစား စုပေါင်း လုပ်ဆောင်ဖို့၊ အမျိုးသား အမျိုးသမီး ခွဲခြားမှု မရှိဘဲ လုပ်ဆောင်ဖို့ အခု သင်တန်းမှာ သင်ပေးတဲ့ အတွက် အကျိုးရှိတယ်လို့ တနင်္သာရီတိုင်း ဒေသကြီး နခံတော ကျေးရွာမှာ နှစ်ခါပြန် အုပ်ချုပ်ရေးမှူး အဖြစ် အရွေးခံရတဲ့ ဒေါ်မို့မို့ဆွေက ပြောပါတယ်။

အမျိုးသမီး တစ်ယောက် အနေနဲ့ အုပ်ချုပ်ရေးမှူး တာဝန်ယူရတာ စိန်ခေါ်မှုတွေ အများကြီး ရှိနေပေမဲ့ အဲဒါတွေကို အင်အား အဖြစ် ယူဆတယ်လို့ လည်း သူက ဆိုပါတယ်။

အုပ်ချုပ်ရေးမှူး တာဝန်ယူရတဲ့ အမျိုးသမီး အနေနဲ့ တိုက်ခိုက်မှုတွေ ခဲ့ရတယ်၊ ဒါပေမဲ့ လူမှုရေးနဲ့ ပရဟိတ လုပ်ငန်းတွေ လုပ်ကိုင် ဆောင်ရွက်ပေးတဲ့ အတွက် မလိုလား မှုတွေ နည်းပါးလာပြီး ပိုမို လက်ခံလာတာတွေ တွေ့ရတယ်လို့ ဒေါ်မို့မို့ဆွေက ပြောပါတယ်။

အမျိုးသမီး ဖြစ်တဲ့ အတွက် ကိုယ်တိုင် ကွင်းဆင်း ဆောင်ရွက်ဖို့ လိုတဲ့ ခွန်အားသုံး လုပ်ဆောင် ရမယ့် ကိစ္စတွေမှာ အခက်အခဲတွေ ရှိပြီး အမျိုးသားတွေရဲ့ အကူအညီနဲ့ လုပ်ဆောင်ရတာတွေ ရှိကြောင်းလည်း သူက ပြေပါတယ်။

ကျေးရွာ အကျိုးအတွက် လိုအပ်ချက်တွေနဲ့ ပတ်သက်လို့ အမျိုးသားတွေဆီက အကြံပြုချက် တောင်းခံပြီး ဖြည့်ဆည်း လုပ်ဆောင် ပေးတာတွေ ရှိကြောင်းလည်း သူက ပြောပါတယ်။