“ကျည်ထောင်စုသစ္စာ” ရေးသူနဲ့ အယ်ဒီတာ အမှုဖွင့်ခံရ

  • 17 မေ 2017
ဓာတ်ပုံ မူပိုင် The Voice Daily Online
Image caption အမှုဖွင့်ခံရသူတွေကို ရဲစခန်းက ဆင့်ခေါ်ထား

The Voice နေ့စဉ် သတင်းစာမှာ ကျည်ထောင်စု သစ္စာ ဆိုတဲ့ သရော်စာ ရေးသားသူ ဗြိတိသျှ ကိုကိုမောင် ခေါ် ကိုကျော်စွာနိုင်နဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲတို့ကို တပ်မတော်ဘက်က ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃ နဲ့ အမှု ဖွင့်လိုက် ပါတယ်။

ရန်ကုန်တိုင်း စစ်ဌာနချုပ် တပ်နယ်မှူး ဒုတိယ ဗိုလ်မှူးကြီး ရဲစခန်းမှာ တရားလိုအဖြစ် အမှု ဖွင့်တာ ဖြစ်ပြီး မေလ ၁၈ ရက်နေ့မှာ ရဲစခန်းကို လာဖို့ ဆင့်ခေါ်ထားတယ်လို့ The Voice သတင်းဌာန က ဘီဘီစီကို ပြောပါတယ်။

တနင်္ဂနွေနေ့တိုင်း ဖော်ပြလေ့ရှိတဲ့ သရော်စာ ကဏ္ဍမှာ လွန်ခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က ဖော်ပြခဲ့ပြီးနောက် ဒီကိစ္စကို အရေးယူ ဆောင်ရွက်ဖို့ စာနယ်ဇင်း ကောင်စီကို တပ်မတော်က တိုင်ကြားခဲ့တဲ့ အတွက် ညှိနှိုင်း ဖြေရှင်းနေတဲ့ အချိန်မှာ အခုလို တရားစွဲ လာတာဖြစ်ပါတယ်။

ဒီဆောင်းပါး မတိုင်ခင် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းမှာ မြန်မာ့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တချို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကို အခြေခံ ရိုက်ကူးထားတဲ့ ပြည်ထောင်စု သစ္စာ ဇာတ်ကားကို မြဝတီရုပ်မြင်သံကြားကနေ ထုတ်လွှင့်ခဲ့ပါတယ်။

အဲဒီဇာတ်ကား ထုတ်လွှင့်ပြီးတဲ့နောက်မှာ စာရေးဆရာ ဗြိတိသျှကိုကိုမောင်က ကျည်ထောင်စု သစ္စာဆို တဲ့ ခေါင်းစဉ်နဲ့ သရော်စာ ရေးခဲ့တာပါ။

သရော်စာ ရေးတဲ့ ဆောင်းပါးရှင် အနေနဲ့ နှစ်ပေါင်း ၄၀/၅၀ လောက် ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်ရဲ့ ဆိုးကျိုးတွေကို စာဖတ်ပရိသတ်တွေ ပေါ့ပေါ့ ပါးပါး ဖတ်နိုင်အောင် ရေးခဲ့တာ ဖြစ်တယ်လို့ ဗြိတိသျှ ကိုကိုမောင်က ပြောပါတယ်။

ကျည်ထောင်စု သစ္စာ ဆိုတဲ့ သရော်စာမှာ မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ် ကြာရှည်နေတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံမှာ ကားနဲ့ တစ်ရက်ခရီးလောက်သွား လိုက်ရင် စစ်ဖြစ်နေတဲ့ ရှေ့ တန်းကို ရောက်တဲ့အကြောင်း၊ ဒီတိုက်ပွဲတွေကြောင့် အောက်ခြေက ရဲဘော်တွေ အသက် ဆုံးရှုံးနေတဲ့ အကြောင်းတွေကို ရေးသား ထားတာလို့ သူက ပြောပါတယ်။

ဒီလိုရေးသားမှုနဲ့ ပတ်သက်လို့ တောင်းပန်မှာ မဟုတ်ဘဲ အမှုကို ရင်ဆိုင်သွားမယ်လို့လည်း ဗြိတိသျှ ကိုကိုမောင်က ပြောပါတယ်။