ခန္တီးနားက ကျောက်စိမ်းမှော်မှာ ရေမဆေးသမားတွေ ပစ်ခတ် ခံရ

  • 17 မေ 2017
Image caption ရေမဆေးသမား ၂သောင်းကျော်ထိ ရှိလာ

စစ်ကိုင်းတိုင်း ခန္တီးမြို့နားမှာ ရှိတဲ့ ကျောက်စိမ်း မှော်မှာ ရေမဆေးကျောက် ရှာသူတွေကို လုံခြုံရေးတွေက ပစ်ခတ်လို့ ၃ ယောက် သေဆုံး ခဲ့ရတယ်လို့ ခန္တီးခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။

ဒဏ်ရာရသူကတော့ ရေမဆေးသမားတွေဘက်က ၅ ဦး ရှိပြီး၊ ရဲတွေ ဘက်ကလည်း ၉ ဦး ဒဏ်ရာ ရသွားပါတယ်။

တရားမဝင် နေထိုင်သူတွေ မေလ ၃၀ ရက်နေ့ နောက်ဆုံးထား ထွက်ပေးရမယ် ဆိုပြီး ပုဒ်မ ၁၄၃ ထုတ်ထားတဲ့ နန်းစီဘွန်နဲ့ မကျန်ခ ကျောက်စိမ်း လုပ်ကွက်မှာ မေလ ၁၇ ရက်၊ ဗုဒ္ဓဟူး မနက်က ရေမဆေးသမား ၇ဝဝ ဝန်းကျင် ဝင်ရောက် လာတာမှာ လုံခြုံရေး တပ်ဖွဲ့ဝင် တွေက ပစ်ခတ် ခဲ့တာ ဖြစ်ပါတယ်။

ပုဒ်မ ၁၄၃ ဟာ သတ်မှတ်နယ်မြေအတွင်းကို မဝင်ရဆိုပြီး တားမြစ်တဲ့ ပုဒ်မဖြစ်ပါတယ်။

အခု အခင်းဖြစ်ရာ ကျောက်ကွက်ဟာ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်း ဖြစ်တဲ့ ဦးပိုင် ကုမ္ပဏီနာမည်နဲ့ လုပ်ခွင့် ရထားတာဖြစ်ပြီး မြန်မာ အင်ပီရီရယ် ကုမ္ပဏီနာမည်နဲ့ ကျောက်စိမ်း တူးနေတာ ဖြစ်ပါတယ်။

ဦးဇော်ဇော်ကတော့ အခု ရေမဆေးသမားတွေ ဝင်ရောက်ရှာဖွေတဲ့ နေရာဟာ စွန့်ပစ်ထားတဲ့ မြေစာပုံမဟုတ်ဘဲ ရေမဆေးရသေးတဲ့ မြေစာပုံသာဖြစ်တယ်လို့ ဆိုပါတယ်။

ကျောက်စိမ်းတူးရာက ထွက်လာတဲ့ မြေစာပုံကနေ ရေမဆေးသမားတွေကို နှင်ထုတ်ခဲ့ပြီး နောက်တစ်ရက်မှာပဲ ရဲနဲ့ စစ်တပ် စောင့်ကြပ် နေတဲ့ ကြားကပဲ လူ ၇ဝဝ အင်အားနဲ့ အတားဆီး အကာရံတွေကို ချိုးဖောက် ဝင်ရောက် လာတာက ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကုန် ခဲ့ကြတယ်လို့ ဦးဇော်ဇော်က ဆိုပါတယ်။

ရဲနဲ့ ရေမဆေးသမားတွေ အဓိကရုဏ်းဖြစ်ပြီး အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ခဲ့ပါတယ်။ တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီးနောက်ပိုင်းမှာ ရေမဆေးသမားတွေက ဆီသိုလှောင်ကန်တွေကို မီးရှို့ခဲ့တယ်လို့လည်း ဦးဇော်ဇော်က ဘီဘီစီကို ပြောပါတယ်။

လက်ရှိ အနေအထားမှာတော့ အခြေအနေကို တည်ငြိမ်အောင် ထိမ်းထား နိုင်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

ခန္တီးမှာရှိတဲ့ ကျောက်စိမ်းမှော်တွေမှာ ၂၀၁၂ မတိုင်ခင်ကတော့ ဒေသခံတွေ တနိုင်တပိုင် တူးဖော် လုပ်ကိုင် လာရာက၊ ကုမ္ပဏီတွေကို လုပ်ခွင့်ပေး လာခဲ့တဲ့ နောက်ပိုင်း ဒေသခံတွေဟာ ရေမဆေးကျောက် တရားမဝင် ရှာသူတွေ ဖြစ်သွားပြီး အနယ်နယ် အရပ်ရပ်က ရောက်လာ ကြတဲ့သူတွေနဲ့ ရေမဆေးသမား ၂သောင်းကျော်ထိ ရှိလာ ခဲ့ပါတယ်။