ပင်လုံညီလာခံကို တဖွဲ့ချင်းမတက်ဘူးလို့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီပြော

  • 18 မေ 2017
Image caption ပန်ခန်း ဌာနချုပ်က ဝစစ်သားတွေ

မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက်ဒေသတွေက တိုင်းရင်းသား လက်နက်ကိုင် ၇ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီက မေလ ၂၄ရက်နေ့မှာ ကျင်းပမယ့် ၂၁ရာစု ပင်လုံ ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကို တဖွဲ့ချင်းစီ မဟုတ်ပဲ ကော်မတီ အနေနဲ့သာ တက်ရောက်ဖို့ အဆင်သင့် ရှိကြောင်း မေလ၁၇ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ကော်မတီအနေနဲ့ ၂၁ရာစု ပင်လုံညီလာခံကို ကြိုဆိုကြောင်းနဲ့ အားလုံး ပါဝင်ရေးမူကို အလေးထားပြီး တိုင်းရင်းသားတွေ၊ နိုင်ငံရေး ပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ အားလုံးကို မည်သည့် ကြိုတင်ကန့်သတ်ချက်မှ မထားရှိပဲ တန်းတူရည်တူ ပါဝင်ခွင့် ရှိဖို့ တိုက်တွန်းတယ်လို့ အဲဒီ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

၂၁ရာစု ပင်လုံ ညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ဖို့ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်တန့်ဖို့ လိုအပ်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေး ကိစ္စမှာ အစိုးရနဲ့ တပ်မတော်တို့ အနေနဲ့ သူတို့ကော်မတီနဲ့ အမြန် တွေ့ဆုံညှိနှိုင်းဖို့ လိုအပ်တယ်လို့လည်း ဖေါ်ပြထားပါတယ်။

အဲဒီ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီကို UWSA ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်၊ KIA ကချင်လွတ်လပ်ရေး တပ်မတော်၊ NDAA မိုင်းလားတပ်ဖွဲ့၊ TNLA တအာင်းပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ MNDAA ကိုးကန့် တပ်ဖွဲ့၊ AA ရက္ခိုင့် တပ်မတော် ၊ SSPP/SSA ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့တို့နဲ့ ဖွဲ့စည်းထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ