ဦးတင်ဦးအခြေအနေ တည်ငြိမ်ပေမဲ့ စိုးရိမ်ရဆဲ

  • 18 မေ 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ဆေးကုသခံနေရတဲ့ ဦးတင်ဦးအတွက် နိုင်ငံတဝန်းက NLD ပါတီ ဝင်တွေဆုတောင်းနေကြ

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးဟာ ဘယ်ဖက် ဦးနှောက် သွေးကြောပိတ်ပြီး လေဖြတ်သွားတဲ့ ရောဂါကြောင့် ရန်ကုန် ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်မှာ ကုသမှု ခံယူနေရပါတယ်။

ဦးတင်ဦးကို ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ဆရာဝန်ကြီးတွေနဲ့ နှလုံးရောဂါ ဆိုင်ရာ ဆရာဝန်ကြီးတွေ ပါတဲ့ အဖွဲ့က ကြပ်မတ် ကုသ ပေးနေတယ်လို့ ရန်ကုန် ဆေးရုံကြီးရဲ့ ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောပါတယ်။

မေလ ၁၇ ရက်နေ့ ညက နေအိမ် ရေချိုးခန်းမှာ ချော်လဲပြီး ဆေးရုံတင်လိုက်ရတာ လို့ ဦးတင်ဦး ဆေးကုသ နေတဲ့ ဆေးရုံကို ကိုယ်တိုင် သွားကြည့်ခဲ့တဲ့ NLD ပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

လောလောဆယ်မှာ ညာဖက်ခြမ်း မလှုပ်နိုင်၊ စကား မပြောနိုင်ပေမဲ့ သတိတော့ ရတယ်လို့ ဦးတင်ဦးကို ကုသပေးနေတဲ့ အထူးကု ဆရာဝန်ကြီးအဖွဲ့က ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ အထူးကု ဆရာဝန်ကြီး တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

အခြေ အနေက ပိုဆိုး မလာပေမဲ့ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေသေးပြီး ခွဲစိတ် ကုသဖို့တော့ မလိုဘူး လို့လည်း သူက ပြောပါတယ်။

ဦးတင်ဦး ကျန်းမာရေး အတွက် လိုအပ်တာတွေကို ပါတီ အနေနဲ့ ပံ့ပိုးနိုင်တာ အားလုံးကို ဆောင်ရွက်ပေးမှာ ဖြစ်ပြီး နိုင်ငံတဝန်းက ပါတီဝင်တွေက ဦးတင်ဦး ပြန်လည် ကျန်းမာလာစေဖို့ ဆုတောင်း မေတ္တာ ပို့သပေးနေတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဒေါက်တာတင်မျိုးဝင်း ကလည်း ဦးတင်ဦးရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ အများပြည်သူ သိအောင် မကြာခင် ထုတ်ပြန်ပေးမယ်လို့ ပြောပါတယ်။