ကော့တောင် လူသတ်မှု အယူခံ နောက်ဆုံးရက် ထပ်ရွှေ့ခွင့်ပြု

  • 18 မေ 2017
Image caption ကော့တောင်ကျွန်း လူသတ်မှုနဲ့ ပတ်သက်လို့ အဖမ်းခံနေရတဲ့ မြန်မာ နိုင်ငံသား နှစ်ယောက်

ကော့တောင်ကျွန်း လူသတ်မှုနဲ့ ပတ်သက်တယ် ဆိုပြီး သေဒဏ် ချမှတ် ခံထားရတဲ့ မြန်မာ နိုင်ငံသား နှစ်ယောက်ရဲ့ အယူခံ နောက်ဆုံး တင်သွင်းရမယ့် ရက်ကို ထပ်မံ ရွှေ့ဆိုင်းခွင့် ပြုလိုက်ပါတယ်။

ပြစ်ဒဏ် ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ အမှုကို ထိုင်း တရားရုံးချုပ်က ဇွန်လ ၂၃ ရက် နေ့အထိ ရွှေ့ဆိုင်းခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။

၂ဝ၁၄ ခုနှစ်တုန်းက ထိုင်းနိုင်ငံ ကော့တောင်ကျွန်းပေါ်မှာ ဗြိတိသျှ နိုင်ငံသား နှစ်ယောက် အသတ်ခံရမှုနဲ့ ပတ်သက်လို့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ဟာ သေဒဏ်ချခံထားရတာ ဖြစ်ပါတယ်။

အခုအခါ ထိုင်းနိုင်ငံ နောက်ဆုံး အဆင့်မြင့် တရားရုံးဆီ လျှောက်လဲ နေရတဲ့ အခြေအနေမှာ အချက်အလက် ပြည့်စုံဖို့ လိုပြီး မြန်မာ ကိုယ်စားလှယ် အဖွဲ့ရဲ့ ဥပဒေ အကြံပြုချက်တွေကို ထိုင်းရှေ့နေ ကောင်စီထံ ပေးပို့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒီအခြေအနေမှာ မြန်မာနိုင်ငံ လုပ်ထုံး လုပ်နည်း အရ ဒီအန်အေ စစ်ဆေးရေး ဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေနဲ့ ပတ်သက်လို့ သိလိုတဲ့ အချိန် တိုးပေးဖို့ တောင်းဆိုခဲ့ရာမှာ အခုလို ရက်ရွေ့ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

ဒီအန်အေ စစ်ဆေးမှု နဲ့ ပတ်သက်လို့ နိုင်ငံတကာ စံနှုန်း ၊ ထိုင်းနိုင်ငံ စံနှုန်း အပြင် မြန်မာ စံနှုန်းတွေ မတူညီဘဲ ဒီအမှုမှာ လူသတ် လက်နက် တခု ဖြစ်တဲ့ ပေါက်တူးမှာ ပြစ်ဒဏ် ကျခံနေရတဲ့ကလေးတယောက်ရဲ့ ဒီအန်အေ မတွေ့ရသလို အသတ်ခံရတဲ့ ဟန်နာ ဆီမှာ တွေ့ရတဲ့ ဒီအန်အေ အရ လူသုံးဦး ပါ၀င် ပတ်သက်နေကြောင်း တွေ့ရပေမယ့် အခုအခါ မြန်မာ ကလေးနှစ်ယောက်ကိုသာ အပြစ်ချခံထားရကြောင်း ၊ ဒီလို ကွဲပြားမှုတွေ ရှိနေတဲ့ အတွက် ဒီအန်အေနဲ့ ပတ်သက်လို့ အသေးစိတ် တင်ပြဖို့ လိုကြောင်း မြန်မာနိုင်ငံသား ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ အမှုမှာ အကူအညီပေးနေတဲ့ မြန်မာ သံရုံး အထူး အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့် က ပြောပါတယ်။

သူတို့ အနေနဲ့ ပြစ်ဒဏ် ကျခံနေရတဲ့ မြန်မာ ကလေးနှစ်ယောက်ကို ထောင်၀င်စာ လတ်တလောကတင် တွေ့ခွင့်ရခဲ့ပြီး သူတို့ရဲ့ ကျန်းမာရေး ကောင်းမွန်သလို လိုအပ်တာကို ပံ့ပိုး ပေးခဲ့တယ်လို့ သူက ဆိုပါတယ်။

တကယ်လို့ နောက်ဆုံး အဆင့်မြင့် တရားရုံးမှာလည်း သေဒဏ် ချခံခဲ့ရရင် ထိုင်းဘုရင်ဆီ ဒီအမှုကို အယူခံ တက်ပိုင်ခွင့် ရှိပြီး ဘုရင် ကိုယ်တိုင်က ဒီအမှုကို အတည်မပြုမချင်း သေမိန့် ပေးလို့ မရဘူးလို့ ရှေ့နေ ဦးအောင်မျိုးသန့် က ရှင်းပြခဲ့ ပါတယ်။