သာသနာရေးဝန်ကြီး နုတ်ထွက်ပေးဖို့ နေပြည်တော်မှာ ဆန္ဒပြမယ်

  • 19 မေ 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption အခုလို စုဝေးပွဲအတွက် ခွင့်ပြုမိန့်တင်မထားပဲ လမ်းကြောင်းတလျှောက်မှာရှိတဲ့ မြို့နယ် ရဲတပ်ဖွဲ့မှူးတွေကိုပဲ အကြောင်းကြားစာပို့ထား

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကို မလိုလားတဲ့အတွက် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ နုတ်ထွက်ပေးဖို့ ဆန္ဒထုတ်ဖေါ်ပွဲကို မေလ ၂၀ ရက်နေ့မှာ နေပြည်တော်မှာ ပြုလုပ်မှာ ဖြစ်တဲ့အတွက် မန္တလေး၊ ဧရာဝတီ၊ ရန်ကုန်တိုင်းနဲ့ ရှမ်းပြည်နယ်တို့က အမျိုးသားရေးလှုပ်ရှားတဲ့ သံဃာတော်နဲ့ လူပုဂ္ဂိုလ်တွေဟာ မေလ ၁၉ ရက်နေ့မှာ စတင် ထွက်ခွာလာခဲ့ကြပါတယ်။

မန္တလေး တံခွန်တိုင်အဝိုင်းကနေ သံဃာ ၃၀ကျော် အပါအဝင် လူ ၁၀ဝကျော်နဲ့ စတင် ထွက်ခွာလာတဲ့ အုပ်စုထဲမှာ ပါဝင်တဲ့ ဦးဆောင် သံဃာတော်တပါးဖြစ်တဲ့ ဆရာတော် ဦးဣန္ဒောဘာသက သာသနာရေးဝန်ကြီး သူရဦးအောင်ကိုဟာ ဗုဒ္ဓဘာသာကို မစောင့်ရှောက်တဲ့အပြင် ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်နှလုံးကို ညိုးနွမ်းစေတဲ့အတွက် အခုလို နုတ်ထွက်ပေးဖို့ တောင်းဆိုရတာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒီဆန္ဒထုတ်ဖော်ပွဲကို မျိုးချစ်မြန်မာ ရဟန်းတော်များအဖွဲ့နဲ့ မြန်မာဗုဒ္ဓဘာသာ နိုးကြားရေးအသင်းတို့က နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာ ဘောလုံးကွင်းမှာပြုလုပ်ဖို့ စီစဉ်ထားပြီး လူဦးရေ သုံးသောင်းလောက်အထိ စုဝေးမယ်လို့ ခန့်မှန်းထားကြောင်း ဦးဣန္ဒောဘာသက ပြောပါတယ်။

အခုလို စုဝေးပွဲအတွက် ခွင့်ပြုမိန့်တင်မထားပဲ လမ်းကြောင်းတလျှောက်မှာရှိတဲ့ မြို့နယ် ရဲတပ်ဖွဲ့မှူးတွေကိုပဲ အကြောင်းကြားစာပို့ထားတယ်လို့လည်း ဆရာတော်က ပြောပါတယ်။

နေပြည်တော်က ဥတ္တရသီရိခရိုင်အုပ်ချုပ်ရေးမှူးရုံးကတော့ အခုလို စုဝေးပွဲနဲ့ ပတ်သက်ပြီး မြန်မာဗုဒ္ဓဘာသာ နိုးကြားရေးအသင်းက ဦးကျော်မျိုးသက်နဲ့ တက်ရောက်မယ့် လူဦးရေ ကန့်သတ်ချက် ညှိနှိုင်းမှု မပြေလည်တဲ့အတွက် ခွင့်ပြုမိန့် မပေးခဲ့ပဲ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမယ့် နေပြည်တော်မှာ တည်ငြိမ်အေးချမ်းရေးအတွက် ဦးစားပေးပြီး ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။

နေပြည်တော်မြို့နယ်ရဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ကတော့ ဒီစုဝေးပွဲကို လူအင်အား၊ ငွေအင်အား ကူညီမှာမဟုတ်ကြောင်းနဲ့ နေပြည်တော် မဘသအဖွဲ့နဲ့လဲ လုံးဝ သက်ဆိုင်ခြင်း မရှိကြောင်း မေလ ၁၈ ရက်နေ့ နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ