ဦးတင်ဦးရဲ့ ကျန်းမာရေး စိတ်ချရဖို့ ရက်သတ္တပတ် စောင့်ကြည့်ဖို့လို

  • 19 မေ 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ကျန်းမာရေးဝန်ကြီး လာရောက်ကြည့်ရှု

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးရဲ့ ကျန်းမာရေး အခြေအနေ တိုးတက်လာတယ် ဆိုပေမယ့် ရက်သတ္တ တပတ်ကြာ စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ ရန်ကုန်ဆေးရုံကြီးက အထူးကု ဆရာဝန် တွေ က ပြောပါတယ်။

ဦးတင်ဦးရဲ့ ကျန်းမာရေးအခြေအနေဟာ တိုးတက်ကောင်းမွန်လာတယ်ဆိုပေမယ့် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားကနေ ကျော်လွန်ဖို့ ဆိုတာကတော့ စစ်ဆေးမှုတွေ နဲ့ အတူ စောင့်ကြည့်မှုတွေ ကို တစ်ပတ်လောက် ထပ်လုပ်ဖို့ လိုသေးကြောင်း ဦးနှောက်နဲ့ အာရုံကြော ဆေးကုသရေးဌာနမှူး ဒေါက်တာ ဝင်းမင်းသစ် က ပြောပါတယ်။

နိုင်ငံခြားမှာ ဆေးကုသမှုခံယူဖို့ ကတော့ လောလောဆယ်မှာ အစီအစဉ်မရှိသေးကြောင်းနဲ့ အခု ကုသစောင့်ရှောက်မှုပေးထားတာတွေ က သူလိုအပ်တဲ့ အရာမှန်သမျှ လုပ်ပေးနေတာဖြစ်ကြောင်း လည်း ဒေါက်တာ ဝင်းမင်းသစ် က ရှင်းပြပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဦးတင်ဦးကို လေးစားကြသူတွေ ဟာ သူ့ရဲ့ ကျန်းမာရေး အခြေအနေ ကို သိလိုတဲ့အတွက် တနေ့လုံး လာရောက် စောင့်ဆိုင်းနေခဲ့ကြပါတယ်။

ဦးတင်ဦးရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆက်သွယ်ပြီး ကျန်းမာရေးအခြေအနေ မေးမြန်းတာတွေ ရှိခဲ့ကြောင်း လည်းသိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက လေဖြတ်တဲ့ ဝေဒနာခံစားလိုက်ရတဲ့ သူ့ကို ကုသဖို့ အတွက် ရန်ကုန် ဆေးရုံအုပ်ကြီး၊ ဒုဆေးရုံအုပ်ကြီး တို့ ဦးဆောင်ပြီး ဦးနှောက်နဲ့ အာရုံကြော နှလုံး အထူးကု ဌာနတွေက အထူးကု ဆရာဝန်ကြီး (၁၅)ဦး ပါဝင်တဲ့ ဆေးကုသရေးအဖွဲ့ ဖွဲ့ကာ ကုသစောင့်ရှောက်မှု ပေးနေတာပါ။