သာသနာရေးဝန်ကြီး နုတ်ထွက်ပေးရေး ဆန္ဒပြပွဲကို လူ ၂၀ဝ၀ ကျော်လာရောက်

  • 20 မေ 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ရဲတပ်ဖွဲ့ဘက်ကလည်း ဆန္ဒပြသူတွေ အဆင်ပြေချောမွေ့အောင် လမ်းကြောင်းချပေးတာနဲ့ တည်းခိုစရာနေရာတွေ စီစဉ် ကြပ်မတ်ပေးခဲ့တယ်လို့ ရဲမှူးကြီး ဇော်ခင်အောင်က ပြော

နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာ ဘောလုံးကွင်းမှာ မေလ ၂၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ သာသနာရေးဝန်ကြီး ဦးအောင်ကို ကို ကန့်ကွက် ရှုတ်ချပွဲနဲ့ နုတ်ထွက်ရေး ဆန္ဒပြပွဲကို သံဃာတော်တွေအပါအဝင် လူပုဂ္ဂိုလ် ၂၀ဝ၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒီဆန္ဒပြပွဲမှာ အဖမ်းခံထားရတဲ့ အမျိုးသားရေး လှုပ်ရှားသူတွေကို ပြန်လွှတ်ပေးဖို့၊ ဆရာတော် ဦးဝီရသူကို တရားဟောခွင့်ပြန်ပေးဖို့ စတဲ့ အချက်တွေအပါအဝင် သာသနာရေးကိစ္စတွေမှာ တာဝန်ယူ ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တဲ့ ဝန်ကြီး ဦးအောင်ကို ကို ကန့်ကွက်ရှုတ်ချပြီး နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူ တဦးဖြစ်တဲ့ မြန်မာဗုဒ္ဓဘာသာ နိုးကြားရေးအသင်း ဒုဥက္ကဋ္ဌ ဦးတင့်လွင်က ဘီဘီစီကို ပြောပါတယ်။

ဒီဆန္ဒပြပွဲကို တက်ရောက်မယ့် လူအရေအတွက်နဲ့ ပတ်သက်ပြီး အင်အား တသောင်းခွဲ တက်ခွင့်ရဖို့ လျှောက်ထားခဲ့ပေမယ့် အာဏာပိုင်တွေဘက်က လူအင်အား သုံးရာပဲ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

တကယ်တမ်း ဆန္ဒပြပွဲမှာတော့ သံဃာတော်တွေနဲ့ လူအင်အား ၂၀ဝ၀ ကျော် လာရောက်ခဲ့ပြီး ဒီထဲက သုံးရာလောက်ဟာ သတ်မှတ်ထားတဲ့ နေရာမှာပဲ တောင်းဆို ဆန္ဒပြခဲ့ကြတဲ့အတွက် အရေးယူဖို့ မရှိဘူးလို့ နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က ပြောပါတယ်။

ရဲတပ်ဖွဲ့ဘက်ကလည်း ဆန္ဒပြသူတွေ အဆင်ပြေချောမွေ့အောင် လမ်းကြောင်းချပေးတာနဲ့ တည်းခိုစရာနေရာတွေ စီစဉ် ကြပ်မတ်ပေးခဲ့တယ်လို့ ရဲမှူးကြီး ဇော်ခင်အောင်က ပြောပါတယ်။

ဒီဆန္ဒပြပွဲမှာ သံဃာတော်တွေ အမျိုးသားရေး လှုပ်ရှားသူတွေအပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေလည်း ဝင်ရောက် ဟောပြောခဲ့ပါတယ်။

နေပြည်တော်ဒေသ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ကတော့ ဒီဆန္ဒပြပွဲဟာ သူတို့နဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ မေလ ၁၈ ရက်နေ့ နေ့စွဲနဲ့ သတင်း ထုတ်ပြန်ထားပါတယ်။

ဒီဆန္ဒပြပွဲမှာ ပါဝင်သူတွေ အနေနဲ့ သူတို့ရဲ့ တောင်းဆိုချက်တွေကို အာဏာပိုင်တွေဘက်က မလိုက်လျောဘူးဆိုရင် နောက်ထပ် ဆန္ဒပြ တောင်းဆိုမှုတွေ ဆက်လုပ်သွားမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ