CIA ကွန်ရက် တရုတ်ပြည်ထဲ ကျိုးပေါက်ခဲ့ကြောင်း ထွက်ပေါ်လာ

  • 21 မေ 2017
Image caption တရုတ် နိုင်ငံထဲက CIA ရဲ့ လုပ်ငန်းတွေ ချိနဲ့ သွား

တရုတ် နိုင်ငံထဲမှာ ၂ နှစ်တာ ကာလအတွင်း အမေရိကန် ထောက်လှမ်းရေး CIA အတွက် အလုပ် လုပ်ပေးခဲ့သူ ၁၈ ယောက် ကနေ အယောက် ၂ဝ အထိ တရုတ် အစိုးရက သတ်ဖြတ်တာမျိုး ဒါမှမဟုတ် ဖမ်းဆီး ထောင်ချတာမျိုး ပြုလုပ် ခဲ့တယ် ဆိုပြီး အမေရိကန် နယူးယောက်တိုင်းမ်စ် သတင်းစာမှာ ဖော်ပြ ထားပါတယ်။

ဒါ့ကြောင့် တရုတ် နိုင်ငံထဲက CIA ရဲ့ လုပ်ငန်းတွေ ချိနဲ့ သွား စေတယ်လို့ ဆိုပါတယ်။

ဒီလို CIA ကွန်ရက် တရုတ်ထဲ ကျိုးပေါက် သွားတာဟာ အမေရိကန် ထောက်လှမ်းရေး သမိုင်းမှာ အော်လ်ဒရစ်ချ် အိမ်းစ် ဆိုတဲ့ CIA နဲ့ ရောဘတ် ဟန်ဆင် ဆိုတဲ့ FBI တို့က ဆိုဗီယက် အတွက် သတင်းပေးတွေ လုပ်ပေးခဲ့တယ် ဆိုတဲ့ ဖြစ်ရပ်တွေ နောက်ပိုင်း အကြီးမားဆုံး လုံခြုံရေး ကျိုးပေါက်မှု ဖြစ်တယ် ဆိုပြီး အမေရိကန် အာဏာပိုင်တွေက နယူးယောက်တိုင်းမ်စ်ကို ပြောပါတယ်။

ဘာ့ကြောင့် အမေရိကန် ထောက်လှမ်းရေး ကွန်ရက် ကျိုးပေါက် ခဲ့ရသလဲ ဆိုတဲ့ အပေါ် တချို့ကတော့ ကွန်ပျူတာ နည်းပညာနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကို တရုတ်ဘက်က ထွင်းဖောက် နိုင်ခဲ့တာ ဖြစ်နိုင်တယ်လို့ ယူဆ နေကြပါတယ်။

တချို့ကတော့ တရုတ်ဘက်က မြှုပ်နှံ ထားတဲ့ သူက CIA သူလျှိုတွေရဲ့ အချက်အလက်တွေကို ၂ဝ၁ဝ တုန်းက ဖော်ထုတ် လိုက်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

CIA သူလျှိုတွေဟာ တရုတ်နိုင်ငံထဲ ၂ဝ၁၁ အစောပိုင်း လောက် ကတည်းက စတင် ပျောက်ဆုံး ခဲ့တာ ဖြစ်ပါတယ်။

အဲဒီထဲက အနည်းဆုံး တစ်ယောက်ဟာ တရုတ် အစိုးရပိုင် အဆောက်အဦ တစ်လုံးထဲ တခြား လုပ်ဖော်ကိုင်ဖက်တွေ ရှေ့မှောက်မှာပဲ ပစ်သတ် ခံခဲ့ရပါတယ်။

နယူးယောက်တိုင်းမ်စ်ရဲ့ ရေးသားမှု အပေါ် မှတ်ချက် တစုံတရာ ပြုလုပ်ဖို့ CIA ဘက်က ငြင်းပယ် ထားပါတယ်။