ယူနန် ရေနံချက်စက်ရုံဆီ ကျောက်ဖြူ ပိုက်လိုင်းက လာတဲ့ ရေနံတွေ ရောက်နေပြီ

  • 21 မေ 2017
Image caption ယူနန် ပြည်နယ် ထဲ အထိ သွယ်တန်းထား

မြန်မာနိုင်ငံက လာတဲ့ ရေနံပိုက်လိုင်း ကနေ တရုတ် ဘက်ခြမ်းထဲ ရေနံစိမ်းတွေ စတင် ရရှိ နေပြီလို့ တရုတ် အစိုးရ သတင်းဌာန ရှင်ဟွာက ပြောပါတယ်။

တရုတ် နိုင်ငံဟာ ပြည်ပကနေ သူတို့ ဝယ်ယူထားတဲ့ ရေနံတွေကို ပင်လယ် ခရီးကနေ တကွေ့တပတ် မသွားတော့ပဲ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်း ရေနက် ဆိပ်ကမ်း ကနေ ယူနန် ပြည်နယ် ထဲ အထိ သွယ်တန်း ထားတဲ့ ပိုက်လိုင်းက တဆင့် ပေးပို့ နေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲကို ကြည့်ရင်တော့ ရေနံတင် သင်္ဘောတွေ ဝင်ထွက် သွားလာ နေတာကြောင့် ငါးဖမ်းခွင့် ပိတ်ပင် ခံလာရတဲ့ ဒေသခံ ရေလုပ်သားတွေဟာ အခု မေလ ၂၂ ရက်နေ့မှာ စက်လှေ အစီး ၂ဝဝ ဝန်းကျင်နဲ့ ကျောက်ဖြူနဲ့ မဒေးကျွန်း အကြား ခုတ်မောင်း ဆန္ဒပြကြဖို့ စီစဉ် ထားတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီ ရေနံပိုက်လိုင်း စီမံကိန်းကို တရုတ် အစိုးရပိုင် ကုမ္ပဏီ ဖြစ်တဲ့ CNPC နဲ့ မြန်မာ အစိုရကြား ပူးတွဲ လုပ်ကိုင် ကြတာ ဖြစ်ပြီး မြန်မာနဲ့ နယ်စပ် တရုတ်မြို့ ဖြစ်တဲ့ ရွှေလီမှာ ဆောက်လုပ် ထားတဲ့ ရေနံချက် စက်ရုံဆီ ရေနံစိမ်း တွေ တင်ပို့ နေတာ ဖြစ်ပါတယ်။

အဲဒီ စက်ရုံကနေ တစ်ရက်ကို စည်ပေါင်း နှစ်သိန်း ခြောက်သောင်း၊ တစ်နှစ်ကို တန်ပေါင်း ၁၃ သန်း အထိ ချက်လုပ် မှာ ဖြစ်ပါတယ်။

တရုတ်ပြည်ရဲ့ နှစ်စဉ် လိုအပ်တဲ့ ရေနံစိမ်းရဲ့ ၄ ရာခိုင်နူန်း ဒီ ရေနံပိုက်လိုင်း ကနေ ရရှိမှာ ဖြစ်ပြီး၊ မြန်မာ အနေနဲ့ ကတော့ ပိုက်လိုင်း ဖြတ်သန်းခ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၃.၈ သန်း ရရှိမှာ ဖြစ်တယ်လို့ နားလည် ထားရပါတယ်။