အမျိုးသားရေး အစွန်းရောက်မှုကို ကိုင်တွယ်ဖို့ ရွှေဝါရောင် သံဃာတွေ တိုက်တွန်း

  • 21 မေ 2017
Image caption အစွန်းရောက် အပြုအမူတွေ အပေါ် အာဏာပိုင် တွေ အချိန်မီ တားဆီးဖို့လို

လူမျိုးရေး၊ ဘာသာရေးကို အခြေခံတဲ့ ပဋိပက္ခတွေ ပေါ်ပေါက် လာအောင် လုပ်ဆောင်နေတဲ့ အမျိုးသားရေး အစွန်းရောက်အပြုအမူတွေ အပေါ် သက်ဆိုင်ရာ အာဏာပိုင်တွေက အချိန်မီ တားဆီးဖို့ လိုတယ် ဆိုပြီး ရွှေဝါရောင် သံဃာတွေက တိုက်တွန်း ပါတယ်။

ရွှေဝါရောင် လှုပ်ရှားမှု အဖြစ် အသိများခဲ့တဲ့ ၂ဝဝ၇ သံဃာ လှုပ်ရှားမှု အတွင်း ပါဝင်ခဲ့တဲ့ သံဃာတော်တွေ မေလ ၂ဝ ရက်၊ စနေနေ့တုန်းက ရန်ကုန် မင်္ဂလာတောင်ညွန့်က ရွှေဝါရောင် ပညာဒါန ကျောင်းမှာ စုဝေး ခဲ့ကြပါတယ်။

အမျိုးသားရေး အစွန်းရောက်တွေကို တားဆီးနိုင်ဖို့ တိုင်းပြည် အနှံ့ ပဋိပက္ခ တားဆီး ကော်မတီတွေ ဖွဲ့စည်းသွားမယ် ဆိုပြီး ရွှေဝါရောင် ဦးဆောင် သံဃာတပါး ဖြစ်တဲ့ ဦးပဏ္ဏဝံသက ဘီဘီစီကို မိန့်ပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေး အတွက် အစိုးရက ဆောင်ရွက်ရာမှာ အများ ပြည်သူလူထု ပါဝင်နိုင်ဖို့ အခွင့်အလမ်းတွေ ပိုမို ဖန်တီး ပေးဖို့နဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အမြန်ဆုံး ရပ်တန့်ဖို့လည်း ဆိုပြီး ရွှေဝါရောင် သံဃာတွေက တိုက်တွန်း ထားပါတယ်။

မငြိမ်မသက် ဖြစ်အောင် ပြုမူသူတွေကို ဥပဒေကြောင်း အရ အရေးယူမှာ ဖြစ်တယ်လို့ အာဏာပိုင်တွေဘက်က ရွှေဝါရောင် သံဃာတွေ အပေါ် အကြောင်း ပြန်ထားတယ်လို့ သိရပါတယ်။