ဦးဝီရသူ ဟောတာတွေ ဓမ္မ ဟုတ်မဟုတ် လက်မှတ်ကောက်ခံမယ်

  • 21 မေ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဦးကိုနီကို လုပ်ကြံသူတွေကို ကျေးဇူးတင်ကြောင်း ဦးဝီရသူက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးခဲ့ဖူး

အဓမ္မဝါဒ ဆန့်ကျင်ရေးအဖွဲ့က ဆရာတော် ဦးဝီရသူရဲ့ ဟောပြောချက်တွေဟာ ဓမ္မလား အဓမ္မ ဆုံးဖြတ်ပေးဖို့ လူထုကြား လက်မှတ် ကောက်ခံမှုတွေကို တောင်ဥက္ကလာပ မြို့နယ်မှာ မေလ ၂၁ ရက်နေ့က စတင်လုပ်ဆောင်ခဲ့ပါတယ်။

အခုလို ကောက်ခံရရှိတဲ့လက်မှတ်တွေကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကို ခုံရုံးဖွဲ့ပြီး စစ်ဆေးနိုင်ဖို့အတွက် အဓမ္မဝါဒ ဆန့်ကျင်ရေး အဖွဲ့က တင်ပြသွားမှာ ဖြစ်ပါတယ်။

အခုလို ကောက်ခံမှုအပေါ် လူထုရဲ့ တုန့်ပြန်မှုကို ကျေနပ်အားရမှုရှိပြီး စတင်ကောက်ခံတဲ့ နေ့မှာပဲ လက်မှတ် ၈၀ဝ ကျော် ရရှိထားသလို ပြည်နယ်နဲ့ တိုင်းတချို့က အခုလို လက်မှတ်လာရောက် ကောက်ခံပေးဖို့ ပြောဆိုတာတွေ ရှိတယ်လို့ ဒီအဖွဲ့ရဲ့ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေး တာဝန်ခံ ကိုနိုင်လင်းဦးက ဘီဘီစီကို ပြောပါတယ်။

မေလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရွှေဝါရောင်လှုပ်ရှားမှုဆိုင်ရာ သံဃာတော်များရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံအတွင်းက အမျိုးသားရေး အစွန်းရောက်တွေကို သက်ဆိုင်ရာက အရေးယူပေးဖို့ သံဃာတော်တွေရဲ့ အမြင်ကိုလည်း ကိုနိုင်လင်းဦးက လက်ခံခဲ့ပြီး အခုလို သဘောထား ကွဲပြားတဲ့ ဗုဒ္ဓဘာသာဝင်တွေ အကြားမှာ ပဋိပက္ခအထိ ဖြစ်မလာဖို့ကတော့ သက်ဆိုင်ရာ အာဏာပိုင်တွေမှာ တာဝန်ရှိတယ်လို့ သူက ပြောပါတယ်။

အဓမ္မဝါဒ ဆန့်ကျင်ရေး အဖွဲ့အနေနဲ့ အခုလို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကို လက်မှတ်တွေ တင်ပြပြီး ဆုံးဖြတ်ချက်ပေးဖို့ တင်ပြတာအပြင် တရားဥပဒေစိုးမိုးစေဖို့ တောင်းဆိုမှုနဲ့ တခြား တတ်နိုင်သမျှ ဘာသာရေး ပြဿနာတွေ မဖြစ်အောင် လုပ်ဆောင် သွားမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ