ခန္တီးကျောက်စိမ်းမှော် လူသေမှု စုံစမ်းရေးကော်မတီဖွဲ့

  • 21 မေ 2017
ဓာတ်ပုံ မူပိုင် Moe Tun
Image caption တိမ်းရှောင်နေရတဲ့ ရေမဆေးသမားတွေအများကြီးရှိ

မေလ ၁၇ ရက်က ခန္တီးမြို့နဲ့ မိုင် ၃ဝ နီးပါး ဝေးတဲ့ မကျန်ခကျောက်စိမ်းမှော်မှာ ရေမဆေးကျောက်ရှာသူ တွေနဲ့ ရဲတပ်ဖွဲ့ ပဋိပက္ခ ဖြစ်လို့ ၂ ဘက်ဒဏ်ရာရသလို ရေမဆေးသမားတွေ သေဆုံးမှုဖြစ်ခဲ့ပြီး လူ ၈ ယောက်ကို ဖမ်းထားသလို အမှုမှန် ပေါ်ပေါက်ဖို့ စုံစမ်းရေး ကော်မတီတရပ် ဖွဲ့လိုက်ပါတယ်။

မကျန်ခမှော်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခမှာ ရေမဆေးသမား ၃ ယောက်သေပြီး ရဲ ၉ ယောက် ရေမဆေးသမား ၅ ယောက် ဆေးရုံတက်ကုသခဲ့အပြီးမှာ မြန်မာအင်ပီရီရယ်ဂျိတ် ကုမ္ပဏီက အမှုဖွင့်လို့ဆိုပြီး သေဆုံးသူ ၃ ယောက် အပြင် ဆေးရုံတက် ကုသနေရသူ ၅ယောက်ကိုပါ အမှုဖွင့် အရေးယူ လိုက်ပါတယ်။

ဒီဖြစ်စဉ်အမှုမှန် ပေါ်ပေါက်ဖို့ စစ်ကိုင်းတိုင်း ဒုရဲတပ်ဖွဲ့မှူး ဥက္ကဋ္ဌ လုပ်ပြီး စသုံးလုံး၊ သတ္တု၊ ပတ်ဝန်းကျင် စတဲ့ ဌာနတွေက ၈ ယောက်ပါ ကော်မတီ တရပ် ဖွဲ့ထားတယ်လို့ စုံစမ်းစစ်ဆေးရေး ကော်မတီဝင် ခန္တီး ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က ပြောပါတယ်။

ခန္တီးမှာ ရေမဆေးကျောက်လုပ်ငန်း လုပ်သူတဦး ကတော့ ပုံမှန်အားဖြင့် ဒီဦးပိုင် ကျောက်တွင်းနားကို ကပ်ရခက်ပြီး ရေမဆေးသမားတွေကို ဖယ်ရှားချင်လို့ ဒီပဋိပက္ခ ဖြစ်သွားတာဟာ ဖန်တီးမှုတခုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ပဋိပက္ခဖြစ်စဉ် ကြောင့် တိမ်းရှောင်နေရတဲ့ ရေမဆေးသမားတွေ အများကြီးရှိနေပြီလို့လည်း ပြောပါတယ်။

စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်က ခန္တီးကျောက်စိမ်းမှော်မှာ တရာမဝင်ဥပဒေနဲ့အညီ ဖယ်ရှားဖို့၊ တူးဖေါ်ခွင့်ရ ကုမ္ပဏီတွေကို ဥပဒေနဲ့အညီ စစ်ဆေးဖို့ စစ်ဆေးနေတုန်းမှာ လုပ်ငန်းရပ်ထားဖို့၊ စွန့်ပစ်မြေစာပုံကို နေရာ သတ်မှတ်စွန့်ပြီး ရေမဆေးတွေကို စည်းကမ်း သတ်မှတ်ပေးဖို့ အပြင် နယ်မြေတည်ငြိမ်ပြီးတရားဥပဒေစိုးမိုးဖို့ဆိုတဲ့ အချက် ၄ ချက် ညွန်ကြားခဲ့ပါတယ်။

မေ ၃ဝ နောက်ဆုံးထားပြီး ရေမဆေးတွေ ထွက်ပေးဖို့ ပုဒ်မ ၁၄၃ ထုတ်ထားချိန်မှာ ဦးပိုင်ကုမ္ပဏီ နာမည်နဲ့ လုပ်ခွင့်ရထားတဲ့ မြန်မာ အန်ပီရီယယ်ဂျိတ် ကုမ္ပဏီလုပ်ကွက်ကို ရေမဆေးသမား ၇၀၀ လောက်က အင်အားသုံး ဝင်ရောက်လို့ ဆိုပြီး ရဲတပ်ဖွဲ့နဲ့ ရေမဆေးသမားတွေ ပြဿနာ တက်ခဲ့ကြတာပါ။

အနယ်နယ်အရပ်ရပ်က လာတဲ့ ရေမဆေး နှစ်သောင်းကျော် ထဲကနေ ဒေသခံရေမဆေးကျောက်ရှာသူတွေကို စိစစ်ပြီး ရေမဆေးလုပ်သားအသိမှတ်ပြုကဒ်တွေ ထုတ်ပေးဖို့ စီစဉ်နေတယ်လို့လည်းသိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ