အရေးကြီးတဲ့ ကိစ္စတွေ ဆုံးဖြတ်ဖို့ UNFC အစည်းအဝေး ကျင်းပနေ

  • 21 မေ 2017
Image caption NCA ထဲ ပါဝင် လက်မှတ် ရေးထိုးမှာလား

၂၁ ရာစု ပင်လုံ ညီလာခံကို သွားတက်ရေး မတက်ရေး အပါအဝင် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ပြုလုပ်ဖို့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ၂ ရက်တာ အစည်းအဝေး ဒီကနေ့ စတင်မှာ ဖြစ်ပါတယ်။

အဲဒီ အစည်းအဝေးမှာ တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA ထဲ ပါဝင် လက်မှတ် ရေးထိုးမလား ဆိုတဲ့ အကြောင်းအရာလည်း ဆွေးနွေး သွားဖို့ ရှိတယ်လို့ UNFC အဖွဲ့ဝင် တစ်ခု ဖြစ်တဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ရဲ့ အထွေထွေ အတွင်းရေးမှူး ရွှေမျိုးသန့်က ဘီဘီစီကို ပြောပါတယ်။

UNFC ဆိုတာ တနိုင်ငံလုံး အပစ်ရပ် သဘောတူမှု NCA ထဲ မပါဝင်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ တပ်ပေါင်းစု တစ်ခု ဖြစ်ပါတယ်။

လာမယ့် ဗုဒ္ဓဟူးနေ့ (မေလ ၂၄ ရက်) ဆိုရင် ၂၁ ရာစု ပင်လုံ ညီလာခံ ဒုတိယအကြိမ် ပြန်စမှာ ဖြစ်တဲ့အတွက် ညီလာခံ မစခင် UNFC နဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်တို့ တွေ့ဆုံကြဖို့ အစီအစဉ် ကတော့ ပျက်သွား ခဲ့ပါတယ်။

အဲဒီ တပ်ပေါင်းစု UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေး ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN နဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ကြား ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း တွေ့ဆုံ ကြဖို့ အစိုးရက ကမ်းလှမ်း ခဲ့ပေမယ့် DPN က အကြောင်းမပြန် ခဲ့ဘူး ဆိုပြီး အစိုးရ ဘက်က ပြောလာပါတယ်။

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ရဲ့ ဗဟိုကော်မတီ အစည်းအဝေးနဲ့ ရက်ချင်း တိုက်နေတဲ့ အတွက် နဲ့ ဆွေးနွေးဖို့ အဆင်မပြေ ဖြစ်ခဲ့ရတယ်လို့ UNFC ဘက်က ပြောပါတယ်။

ဒါ့ကြောင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ DPN အကြား ပင်လုံ ညီလာခံ ဒုတိယ အကျော့ ကျင်းပ ပြီးချိန်မှပဲ တွေ့ဆုံကြတော့မယ် ဆိုပြီး နှစ်ဘက် ခေါင်းဆောင်တွေက ပြောနေပါတယ်။