ကေအိုင်အေ ကို လီဆူ တိုင်းရင်းသားတွေ ဆန္ဒပြ

  • 22 မေ 2017
ဓာတ်ပုံ မူပိုင် Myitkyina Journal
Image caption မြစ်ကြီးနားမြို့မှာ လီဆူးတိုင်းရင်းသားတွေ ကေအိုင်အေ တပ်ရဲ့ ဥပဒေမဲ့ လုပ်ရပ်ကို ဆန္ဓပြ

ကချင် လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ က လီဆူ တိုင်းရင်းသားတွေကို ဖမ်းဆီးသတ်ဖြတ်၊ ဆက်ကြေးကောက်၊ အဓမ္မပြုကျင့် စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး လီဆူ လူမျိုး အယောက် နှစ်ထောင်ကျော်က မြစ်ကြီးနားမြို့မှာ ဆန္ဒပြကြပါတယ်။

ကေအိုင်အေ တပ်ဖွဲ့တွေက တောထဲသွား ဟင်းသီးဟင်းရွက် ခူးတဲ့ လူတွေကို တွေ့ကို ပစ္စည်းသိမ်း ၊ တောင်ယာခုတ်တဲ့ လီဆူ တိုင်းရင်းသားတွေကို တွေ့ရင် ပစ်သတ်မှုတွေ အခုနှစ်ပိုင်း အတွင်း ပိုဖြစ်လာတယ်လို့ လီဆူဒူးလေးပါတီဥက္ကဌ ဆီဖာလာလူး က ပြောပါတယ်။

ဒါ့အပြင် ကေအိုင်အေ တပ်ထဲမှာ ဆိုရင်လည်း တိုက်ပွဲ ဖြစ်ရင် လီဆူတွေကို သံခြေကျင်းခတ်ပြီး ရှေ့ကနေ ထွက်တိုက်ခိုင်းတယ် ဒါတွေဟာ အကြမ်းဖက် လုပ်ရပ်တွေ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အရင်က ဖြစ်ခဲ့မှုတွေမှာ ငြိမ်းချမ်းရေး အဖွဲ့တွေက ကြား၀င် စေ့စပ်ပေးမှု ရှိခဲ့ပေမယ့် ဆုတောင်းပွဲဘဲ လုပ်ပြီး ပြီးသွားခဲ့တယ်လို့ ဆီဖာလာလူး က ပြောပါတယ်။

ကေအိုင်အေ ရဲ့ အကြမ်းဖက် လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ဆန္ဒပြ ကန့်ကွက်စာကို သူတို့ဆီ ပို့ပေးခဲ့သလို သမ္မတ ရုံးနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီ ပေးပို့ တိုင်ကြားပြီးပြီလို့ သူက ဆိုပါတယ်။

လီဆူ တစ်မျိုးသားလုံး ဆန္ဒ ဖော်ထုတ်ရေးကော်မတီက ဦးဆောင်တဲ့ ဒီကနေ့ ဆန္ဒပြပွဲကို မြစ်ကြီးနား၊ ဝိုင်းမော်၊ တနိုင်း၊ ပူတာအို စတဲ့ မြို့နယ် ၁၅ ခုက လီဆူတိုင်းရင်းသားတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။