၂၁ ရာစု ပင်လုံ ညီလာခံ မြောက်ပိုင်း အဖွဲ့တွေ တက်ပြီး UNFC မတက်

  • 23 မေ 2017
ဓာတ်ပုံ မူပိုင် UNFC BURMA
Image caption UNFC ကို အထူး ဖိတ်ကြား သူများ အဆင့်နဲ့ ဖိတ်ကြားတဲ့ အတွက် မတက်ဖို့ ဆုံးဖြတ် တာလို့ UNFC အတွင်းရေးမှူး ၁ လည်းဖြစ် ရခိုင်ပြည် အမျိုးသား ကောင်စီ ANC အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဦးထွန်းဇော်က ပြောပါတယ်

မေလ ၂၄ ရက်နေ့ စတင်မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖဒက်ရယ် ကောင်စီ က မတက် ရောက်ဖို့ ဆုံးဖြတ်လိုက် ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင် မြို့မှာ မေလ ၂၃ နဲ့ ၂၄ ရက် နှစ်ရက်တာ ကျင်းပ ခဲ့တဲ့ UNFC ဗဟို အလုပ် အမှုဆောင် ကော်မတီ အစည်း အဝေး ကနေ အခုလို ဆုံးဖြတ်ပြီး ကြေညာချက် ထုတ်ပြန် လိုက်တာ ဖြစ်ပါတယ်။

UNFC ကို တန်းတူ ရည်တူ ဆွေးနွေးခွင့် မရတဲ့ အထူး ဖိတ်ကြား သူများ အဆင့်နဲ့ ဖိတ်ကြား လာတဲ့ အတွက် မတက်ဖို့ ဆုံးဖြတ် တာလို့ UNFC အတွင်းရေးမှူး ၁ လည်းဖြစ် ရခိုင်ပြည် အမျိုးသား ကောင်စီ ANC အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော်က ပြောပါတယ်။

အစည်း အဝေး ဖွင့်ပွဲနဲ့ ညစာ စားပွဲ တက်ရောက်ဖို့ မြောက်ပိုင်း မဟာမိတ် လို့ လူသိ များတဲ့ ဝ နဲ့ ကေအိုင်အေ အပါ အဝင် KIA၊ UWSA၊ AA၊ MNDAA နဲ့ TNLA အဖွဲ့ ၇ ဖွဲ့ က ထိပ်တန်း ခေါင်းဆောင်တွေ ကတော့ နေပြည်တော်ကို ရောက်ရှိ လာခဲ့ပြီ ဖြစ်ပါတယ်။

သူတို့ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်နဲ့ အထူး ကိုယ်စားလှယ် အဖြစ် ရောက်လာ ကြတာ ဖြစ်ပြီး ဆွေးနွေး ပွဲတွေမှာ ပါဝင် ဆွေးနွေး ခွင့်ရမယ် မရဘူး ဆိုတာ ကတော့ မသေချာ သေးပါဘူး။

မြောက်ပိုင်း မဟာမိတ် အဖွဲ့ ဟာ တပ်မတော်နဲ့ တိုက်ခိုက်နေ ကြတာ ဖြစ်ပြီး၊ ညီလာခံ တက်ရောက် ဖို့ အခုလို နေပြည်တော်ကို ရောက်လာ တာကတော့ တရုတ် အစိုးရရဲ့ ကြားဝင် ညှိနှိုင်းပေးမူကြောင့် ဖြစ်တယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင်တွေ ကပြောပါတယ်။

တရုတ် နိုင်ငံ ကူမင်းမြို့ ကနေ နေပြည်တော်ကို လေကြောင်း ခရီးနဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။

မြောက်ပိုင်း အဖွဲ့တွေ အနေနဲ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ အနေနဲ့ ဖိတ်ကြားမှ သာ ၂၁ ပင်လုံ ညီလာခံကို တက်မယ်လို့ မေလ ၁၇ ရက်နေ့ ကတော့ ကြေညာ ချက် ထုတ်ပြန် ခဲ့တာ ဖြစ်ပါတယ်။