မဘသ တရားမဝင်ဘူးလို့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ဆုံးဖြတ်

  • 24 မေ 2017
Image caption နိုင်ငံတော် သံဃမဟာနာယက အမိန့်ကို လိုက်နာမယ်လို့ မဘသ ဥက္ကဋ္ဌ ဆရာတော်နဲ့ ဒုတိယဥက္ကဋ္ဌတို့ လက်မှတ်ရေးထိုးခဲ့

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး(မဘသ)အဖွဲ့ဟာ တရားမဝင် အဖွဲ့အစည်း ဖြစ်ကြောင်း နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အမိန့်နဲ့ ဆုံးဖြတ်ပြီး ထုတ်ပြန်လိုက်ပါတယ်။

မဘသအဖွဲ့ဟာ တရားမဝင်အဖွဲ့အစည်းဖြစ်လို့ ဒီနာမည်ကိုသုံးပြီး ဘယ်လို အမှုကိစ္စတွေကို မဆောင်ရွက်ဖို့နဲ့ မဘသအဖွဲ့ ဆိုင်းဘုတ်တွေကို ဇူလိုင် ၁၅ ရက် နောက်ဆုံးထား အပြီးဖြုတ်သိမ်းရမယ် ဆိုပြီး ရန်ကုန်မြို့ ကမ္ဘာအေးမှာ ကျင်းပနေတဲ့ သတ္တမအကြိမ် နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ (၄၇)ပါး စုံညီရဲ့ ပဉ္စမမြောက်နေ့ အစည်းအဝေးကနေ ဆုံးဖြတ်ညွန်ကြားလိုက်တာပါ။

ဒီဆုံးဖြတ်ချက်ကို မလိုက်နာဘူးဆိုရင် ရဟန်းဖြစ်ဖြစ် လူ ပုဂ္ဂိုလ်ဖြစ်ဖြစ် သက်ဆိုင်ရာ တည်ဆဲဥပဒေအရ ပြည်ထဲရေးဝန်ကြီးဌာနက အရေး ယူ ဆောင်ရွက်နိုင်တယ်လို့ ညွှန်ကြားထားပါတယ်။

မေ၂၃ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့ နိုင်ငံတော် သံဃမဟာနာယကရဲ့ ထုတ်ပြန်ချက်ကို လိုက်နာမှာ ဖြစ်ကြောင်း မဘသဥက္ကဋ္ဌဆရာတော်ဖြစ်တဲ့ အင်းစိန် ရွာမ ပရိယတ္တိ စာသင်တိုက် ဘဒ္ဒန္တ တိလောကာ ဘိဝံသနဲ့ ဒုတိယဥက္ကဌတို့က သံဃ မဟာနာယကအဖွဲ့ ဆရာတော်တွေ ရှေ့မှောက်မှာ လက်မှတ်ထိုးခဲ့တယ်လို့ သိရပါတယ်။