NCA အတိုင်း ဆက်သွားမယ်လို့ အစိုးရနဲ့ စစ်တပ်က ထပ်လောင်းပြော

  • 24 မေ 2017
Image caption အစိုးရနဲ့ စစ်တပ်ဘက်က NCA ကို ကိုင်ဆွဲမယ့် အကြောင်း အခိုင်အမာ ပြော

၂၁ ရာစု ပင်လုံ ညီလာခံ အဖြစ် ရည်ညွှန်း ခေါ်ဆိုကြတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဒုတိယ အကျော့ကို မေလ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့မှာ စတင် လိုက်ပြီ ဖြစ်ပါတယ်။

နေပြည်တော်မှာ ၅ ရက်တာ ကျင်းပမယ့် အခု ညီလာခံ ဖွင့်ပွဲကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တို့ တက်ရောက် ခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို ကြည့်ရင်လည်း တနိုင်ငံလုံး အပစ်ရပ် သဘောတူမှု စာချုပ် NCA ထဲ ပါဝင် လက်မှတ် ရေးထိုး ထားတဲ့ အဖွဲ့ ၈ ဖွဲ့ သာမကပဲ၊ NCA ရဲ့ ပြင်ပ လမ်းကြောင်းကို ရှာဖွေ သွားမယ်ဆိုပြီး ဆုံးဖြတ် ထားတဲ့ မြောက်ပိုင်း အခြေစိုက် အဖွဲ့ ၇ ဖွဲ့ပါ တက်ရောက် လာတာ တွေ့ရပါတယ်။

အစိုးရကို လက်တွေ့အရ ဦးဆောင်မှု ပေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရော၊ စစ်တပ် အကြီးကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ပါ သူတို့ ပြောခဲ့တဲ့ မိန့်ခွန်းတွေကို ကြည့်ရင် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို NCA စာချုပ်ကနေ အခြေခံပြီး လုပ်ဆောင်မယ့် အကြောင်း ထပ်လောင်း ပြောဆို သွားကြပါတယ်။

NCA လက်မှတ် အဖွဲ့တွေရဲ့ သဘောထားကိုတော့ ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးမူးတူးဆေးဖိုးက NCA အတိုင်း သွားမယ်ဆို အားလုံးပါဝင် ဖို့လိုကြောင်းနဲ့၊ အဲလို ပါဝင်ဖို့အတွက် ကန့်သတ်ချက်တွေ မထားဖို့၊ တန်းတူရည်တူ ပါဝင်ခွင့်ပေးဖို့ မရှိမဖြစ် လိုအပ် တယ် ဆိုပြီး ပြောခဲ့ပါတယ်။

အစိုးရနဲ့ စစ်တပ်ဘက်က NCA ကို ကိုင်ဆွဲမယ့် အကြောင်း အခိုင်အမာ ပြောနေချိန်မှာ၊ တရုတ်ရဲ့ ကြားဝင် ညှိနှိုင်း ပေးမှုကြောင့် အခု ညီလာခံ ဖွင့်ပွဲကို ရောက်လာတဲ့ မြောက်ပိုင်း ၇ ဖွဲ့ ကတော့ NCA ပြင်ပ လမ်းကြောင်း ရှာဖွေမယ် ဆိုပြီး ပြောထားတဲ့ အတွက် ရှေ့ဆက်မယ့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲ ဒီ အဖွဲ့တွေ ဆက်လက် ပါဝင်ဖို့ ဆိုရင် တရုတ် နိုင်ငံရဲ့ အခန်းကဏ္ဍ ဆက်လက် အရေးကြီး နေဦးမယ် ဆိုပြီး လေ့လာသူတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးသပ် နေကြပါတယ်။

မေလ ၂၅ ရက်၊ ကြသပတေး နေ့မှာတော့ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သယံဇာတ ဆိုတဲ့ အခန်းကဏ္ဍကြီး ၅ ခုကို ညီလာခံမှာ ဆွေးနွေး ကြလိမ့်မယ်လို့ နားလည် ရပါတယ်။