အထူးကိုယ်စားလှယ် ဆိုတာ ဆွေးနွေးခွင့် မရသူ ဆိုတဲ့ အဓိပ္ပာယ် မဖြစ်ချင်

  • 24 မေ 2017
Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် တောင်းထား

အစိုးရဘက်က အထူး ကိုယ်စားလှယ် အနေနဲ့ မြောက်ပိုင်း အဖွဲ့တွေကို ဖိတ်ခဲ့ပေမယ့်၊ တရုတ် နိုင်ငံရဲ့ ကြားဝင် ပေးမှုအရ တန်းတူ ဆွေးနွေး နိုင်တယ် ဆိုတဲ့ အချက်အရ အခု ကျင်းပနေတဲ့ ၂၁ ရာစု ပင်လုံ ညီလာခံကို တက်ရောက် လာတာ ဖြစ်တယ် ဆိုပြီး မြောက်ပိုင်း အဖွဲ့က ဘီဘီစီကို ပြောပါတယ်။

မြောက်ပိုင်း အခြေစိုက် အဖွဲ့ ၇ ဖွဲ့ဟာ ဝ ပြည် သွေးစည်း ညီညွတ်ရေး UWSA ဌာနချုပ် ပန်ခမ်း ညီလာခံ ဆုံးဖြတ်ချက် ဖြစ်တဲ့ NCA ပြင်ပ လမ်းကြောင်း အတိုင်း သွားမယ် ဆိုပြီး ဆုံးဖြတ် ထားတဲ့ အဖွဲ့တွေ ဖြစ်ပေမယ့် အခု နေပြည်တော်ကို လာပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ပါဝင် နေတာ ဖြစ်ပါတယ်။

အစိုးရက သူတို့ အပေါ် သတ်မှတ်တဲ့ အထူး ကိုယ်စားလှယ် ဆိုတဲ့ အဓိပ္ပာယ်ဟာ ဝင်ရောက် ဆွေးနွေးခွင့် မရှိ ရဘူး၊ သူများတွေ ပြောသမျှ နားထောင်ရမယ် ဆိုတဲ့ သဘော ဆိုရင် ညီလာခံ အဆုံးတိုင် ပါဝင်မလား ဆိုတာကို သုံးသပ် ရမှာ ဖြစ်တယ် ဆိုပြီး မြောက်ပိုင်း ၇ ဖွဲ့ရဲ့ နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ FNPC ပြောခွင့်ရ ဒေါက်တာ ညိုထွန်းအောင်က ပြောပါတယ်။

ဒါပေမယ့်လည်း ငြိမ်းချမ်းရေးကို လိုလားကြောင်း ပြသဖို့ အရောက် လာခဲ့တာ ဖြစ်တဲ့ အတွက် ဆက်လက် ဆွေးနွေး ညှိနှိုင်းသွားနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ဒေါက်တာ ညိုထွန်းအောင်က ပြောပါတယ်။

အခု ညီလာခံ ဖွင့်ပွဲ မိန့်ခွန်းထဲ မြန်မာ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က NCA အပေါ်မှာသာ အခြေခံမယ့် အကြောင်း ခိုင်ခိုင်မာမာ ပြောသွား ခဲ့ပေမယ့်လည်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ခုလုံး အတွက် နှစ်ဘက် လိုလားချက်တွေကို နှိုင်းယှဉ်ရင် ၇ဝ% လောက် တူညီတဲ့ အတွက် ကျန်တာတွေကို ညှိနှိုင်းခြင်းနဲ့ အဖြေရှာ နိုင်လောက်တယ်လို့ ဒေါက်တာ ညိုထွန်းအောင်က ဆိုပါတယ်။

မြောက်ပိုင်း ၇ ဖွဲ့ ထဲ ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA၊ ကချင် လွတ်လပ်ရေး တပ်မတော် KIA၊ မြန်မာ အမျိုးသား ဒီမိုကရေစီမဟာမိတ် ကိုးကန့်အဖွဲ့ MNDAA၊ တအာင်း လွတ်မြောက်ရေး တပ်မတော် TNLA ၊ ရခိုင်တပ်မတော် AA ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA နဲ့ ရှမ်းပြည် အရှေ့ပိုင်း အမျိုးသား ဒီမိုကရေစီ မဟာမိတ် မိုင်းလား တပ်ဖွဲ့ NDAA တို့ ပါဝင်ပါတယ်။

သူတို့ အဖွဲ့တွေ အနေနဲ့ လက်ရှိ အနေအထား မှာတော့ ညီလာခံရဲ့ အခြေအနေကို စောင့်ကြည့်မှာ ဖြစ်သလို၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် တောင်းထားပြီး တွေ့ခွင့်ရရင် ကွာဟ နေတဲ့ အခြေအနေတွေကို တင်ပြသွားမယ်လို့ ဘီဘီစီကို ပြောပါတယ်။