၂၁ရာစု ပင်လုံညီလာခံ ဒုတိယနေ့မှာ နိုင်ငံရေး၊စီးပွားရေး အပါအဝင် ကဏ္ဍအလိုက် ဆွေးနွေးမယ်

  • 25 မေ 2017
ဓာတ်ပုံ မူပိုင် MOI
Image caption ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစု ပင်လုံ ဒုတိယ အစည်းအဝေး စတင်ကျင်းပနေစဉ်

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးကို နေပြည်တော်မှာ မေလ ၂၄ရက် ဗုဒ္ဓဟူးနေ့က စတင် ကျင်းပနေပါတယ်။

အစည်းအဝေး ဒုတိယနေ့ဖြစ်တဲ့ ကြာသပတေးနေ့မှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် နေရာ ၆ခုမှာ ကျင်းပခဲ့တဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေက ရတဲ့ အချက်အလက်တွေကို ကဏ္ဍအလိုက် အသေးစိတ် စတင်ဆွေးနွေးကြမယ်လို့ သိရပါတယ်။

နိုင်ငံရေး ကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင်ကဏ္ဍနဲ့ လုံခြုံရေး ကဏ္ဍ စတဲ့ ကဏ္ဍအလိုက် ဆွေးနွေးရလာတဲ့ အကြောင်းအရာတွေကို UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ အတွင်းရေးမှူးအဖွဲ့က ပြန်လည်မှတ်တမ်းယူပြီး ညီလာခံ နောက်ဆုံးနေ့မှာ အတည်ပြုနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ UPDJC အဖွဲ့က ပြောပါတယ်။