မြောက်ပိုင်းအဖွဲ့ ငြိမ်းကော်မရှင်နဲ့တွေ့

  • 25 မေ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ပြည်ထောင်စုငြိမ်းချမ်းရေးနိုင်ငံရေးဆွေးနွေးရေးကော်မတီ ကိုယ်စား UWSA ရဲ့ ပြင်ပဆက်ဆံရေးအကြီးကဲ ဦးကျောက်ကော်အမ်း

နေပြည်တော်မှာကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဖွင့်ပွဲကို တက်ရောက်ခဲ့တဲ့ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဒေါက်တာတင်မျိုးဝင်းတို့ ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ မေလ ၂၅ ရက်နေ့က သီးသန့်တွေ့ဆုံခဲ့ကြပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ် ကိုးကန့်အဖွဲ့ MNDAA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ၊ ရခိုင်တပ်မတော် AA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နဲ့ရှမ်းပြည်အရှေ့ပိုင်း အမျိုးသား ဒီမိုကရေစီမဟာမိတ် မိုင်းလားတပ်ဖွဲ့ NDAA အဖွဲ့တွေကိုယ်စား ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေဟာ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုဥက္ကဌ ဦးသိန်းဇော် အကြံပေးအဖွဲ့ဝင် ဦးအောင်ကြည်တို့ အပြင် တရုတ်သံအရာရှိတွေနဲ့ အချိန်အတော်ကြာ တွေ့ဆုံခဲ့ကြပါတယ်။

တဘက်နဲ့တဘက် ငြိမ်းချမ်းရေး ရည်ရွယ်ချက်တူကြတာကြောင့် ကျေကျေနပ်နပ် ဆွေးနွေးဖြစ်ခဲ့တယ် ဒေသခံပြည်သူတွေရဲ့ အကျိုးကို ပူးပေါင်းဆောင်ရွက်မယ်လို့ တွေ့ဆုံအပြီး ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းက သတင်းထောက်တွေကို ပြောပါတယ်။

မြောက်ပိုင်း လက်နက်ကိုင်တပ်ဖွဲ့တွေက သူတို့ရဲ့ ပန်ခမ်းညီလာခံက စည်းဝေးဆုံးဖြတ်ထားတဲ့ အန်စီအေနဲ့အပြိုင် သဘောတူညီမှု စာချုပ်မူကြမ်းကိုလည်း သတင်းမီဒီယာတွေလေ့လာဖို့ ဖြန့်ဝေခဲ့ပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ညီလာခံမိန့်ခွန်းမှာ ဒီလို အန်စီအေနဲ့ပြိုင်ရေးထားတဲ့ဟာတွေကို လက်ခံဘူးပြောထားတဲ့အတွက် သူတို့အနေနဲ့ ရှေ့ဆက်သွားဖို့ အခက်အခဲရှိပေမယ့် ငြိမ်းချမ်းရေးအတွက် ဆက်ကြိုးစားဆောင်ရွက်သွားမယ်လို့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်၇ဖွဲ့ စုပေါင်းထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးနိုင်ငံရေးဆွေးနွေးရေးကော်မတီ ကိုယ်စား UWSA ရဲ့ ပြင်ပဆက်ဆံရေးအကြီးကဲ ဦးကျောက်ကော်အမ်း ကပြောပါတယ်။

ဒီအဖွဲ့တွေဟာ မေလ ၂၆ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်ပြီး မေလ ၂၇ ရက်မှာတော့ နေရပ်ကို ပြန်ကြမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ