ဒေါ်အောင်ဆန်းစုကြည်နဲ့ မြောက်ပိုင်း အဖွဲ့တွေ တွေ့ဆုံ

  • 26 မေ 2017
Image caption နေပြည်တော် နေအိမ်မှာ တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နဲ့ကြား နိုင်ငံရေး အရ ထဲထဲဝင်ဝင် မဆွေးနွေး ခဲ့ကြပေမယ့် နောက်ပိုင်း ဆက်ဆံရေး ဆက်လက် ထားရှိသွားမယ့် အကြောင်း ပြောဆို ခဲ့ကြတယ် ဆိုပြီး ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA က ပြောပါတယ်။

တနိုင်ငံလုံး အပစ်ရပ် သဘောတူမှု စာချုပ် NCA ထဲ ပါဝင်ဖို့ အစိုးရနဲ့ စစ်တပ်က တိုက်တွန်း နေပေမယ့် လက်ရှိ NCA ကိုတော့ လက်မှတ် ရေးထိုးမှာ မဟုတ်ဘူး ဆိုပြီး UWSA ရဲ့ ပြင်ပ ဆက်ဆံရေးမှူး ဦးကျောက်ကော်အမ်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ အပြီး သတင်းထောက်တွေကို ထပ်လောင်း ပြောဆို ခဲ့ပါတယ်။

မြောက်ပိုင်း အခြေစိုက် လက်နက်ကိုင် အဖွဲ့တွေ ဘက်က ပြင်ဆင် ထားတယ် ဆိုတဲ့ မူဝါဒ စာတမ်း ဒေါ်အောင်ဆန်းစုကြည် ထံမှာ ရှိနေပြီ လို့လည်း ဆိုပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် နေအိမ်မှာ မြောက်ပိုင်း အဖွဲ့တွေကို မေလ ၂၆ ရက် သောကြာနေ့က နှစ်သုပ် ခွဲပြီး တွေ့ဆုံ ခဲ့ပါတယ်။

ဝ လက်နက်ကိုင် UWSA၊ ကချင်တပ် KIA၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSPP/SSA နဲ့ မိုင်းလား NDAA တို့နဲ့ ဒေါ်အောင်ဆန်းစုကြည် ပထမ တွေ့ခဲ့ပြီး၊ ကိုးကန့်တပ် MNDAA၊ တအာင်းပလောင် TNLA နဲ့ ရခိုင်တပ် TNLA တို့နဲ့ နောက်ပိုင်း တွေ့ပါတယ်။

အစိုးရ စစ်တပ်နဲ့ကြား တိုက်ပွဲတွေ ဆက်တိုက် ရှိနေခဲ့တဲ့ TNLA အနေနဲ့ အခု နေပြည်တော် ခရီးစဉ်ဟာ အစိုးရ တာဝန်ရှိသူနဲ့ကြား စတင် တွေ့ဆုံခွင့် လမ်းကြောင်း ပွင့်လာတာ ဖြစ်တယ် ဆိုပြီး TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ၂ တားပန်လ က ပြောပါတယ်။

နေပြည်တော်မှာ ငြိမ်းချမ်းရေး ညီလာခံ ဆိုပြီး ခမ်းခမ်းနားနား ကျင်းပနေချိန် တပြိုင်တည်းမှာပဲ လက်တွေ့ မြေပြင်မှာလည်း အစိုးရ စစ်တပ်ရဲ့ ထိုးစစ်တွေ ရပ်တန့် ဖို့လိုတယ် ဆိုပြီး တော့လည်း တာပန်းလက ပြောပါတယ်။

NCA ပြင်ပ လမ်းကြောင်း ရှာဖွေမယ် ဆိုပြီး မူဝါဒ ချမှတ် ထားတဲ့ မြောက်ပိုင်း အဖွဲ့တွေဟာ ခုလိုမျိုး နေပြည်တော် ညီလာခံကို လာတက်ဖို့ အထိ အခြေအနေမျိုး ရောက်လာအောင် တရုတ်နိုင်ငံက ကြားဝင် ညှိနှိုင်း ပေးခဲ့တယ် ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှုမြင် ထားပါတယ်။

အထူးကိုယ်စားလှယ် ဆိုတဲ့ အနေနဲ့ ဖိတ်ကြား ခံရတာ ဖြစ်လို့ ငြိမ်းချမ်းရေး ညီလာခံမှာ ကိုယ့်ရဲ့ သဘောထား ဆန္ဒတွေ တန်းတူ ပြောဆိုခွင့် မရှိခဲ့ဘူး ဆိုတဲ့ အသံမျိုး အစောပိုင်းက ထွက်ပေါ် ခဲ့ပေမယ့် ဖွင့်ပွဲ အပြီး ချက်ခြင်း ပြန်သွားတာမျိုး မဟုတ်ပဲ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ တွေ့ဆုံ ခဲ့သလို၊ နောက်တစ်ရက် မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ခဲ့တာ ဖြစ်ပါတယ်။

အစိုးရနဲ့ တပ်မတော်တို့ကတော့ NCA လမ်းကြောင်းကနေပဲ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မယ် ဆိုပြီး အခု ကျင်းပလက်စ ငြိမ်းချမ်းရေး ညီလာခံမှာ ခိုင်ခိုင်မာမာ ပြောဆို ထားသလို၊ မြောက်ပိုင်း အဖွဲ့တွေကလည်း လက်ရှိ NCA ထဲ မပါဝင်နိုင်ဘူး ဆိုတဲ့ သဘောထား ဆက်လက် ဆုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။

မြောက်ပိုင်း အဖွဲ့တွေဟာ ညီလာခံ ၅ ရက်တာ ပြီးဆုံးအောင်တော့ နေပြည်တော်မှာ နေမှာ မဟုတ်ပဲ၊ မေလ ၂၇ ရက် စနေနေ့ နေ့လည်ပိုင်း တရုတ်နိုင်ငံ ယူနန် ပြည်နယ်ကို ပြန်လည် ထွက်ခွာမယ် ဆိုပြီး ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ