မဘသ ငွေကြေးစီးဆင်းမှု အစိုးရ စုံစမ်း

  • 26 မေ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption မဘသကို လေးစားကြည်ညိုသူတွေ လှူတဲ့ ရန်ပုံငွေ ကျပ်သိန်း (၂)ထောင်ကျော် ရှိ

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ မဘသ အပါအဝင် ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့တွေရဲ့ ငွေကြေးစီးဆင်းမှုနဲ့ ပတ်သက်လို့ အစိုးရကနေ စုံစမ်းတာတွေ လုပ်နေပါတယ်။

ပုဂ္ဂလိကဘဏ်နဲ့ အစိုးရဘဏ်တွေမှာ မဘသအပါအဝင် ဘာသာရေး လူမှုရေး အသင်းအဖွဲ့တွေရဲ့ ငွေကြေးအပ်နှံမှု ဆိုင်ရာ အချက်အလက်တွေပေးဖို့ သာသနာရေး ဝန်ကြီးဌာနကနေ ဗဟိုဘဏ်ကို ထိပ်တန်းလျှို့ဝှက်ချက် အနေနဲ့ တောင်းခံထားတာ ဖြစ်ပါတယ်။

ဘာသာရေးနဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းတွေကို ငွေကြေးလှူဒါန်းမှုတွေ အမြောက်အမြားရှိတယ်ဆိုပြီး သာသနာရေး ဝန်ကြီးကို သတင်းပေးတိုင်ကြားတာတွေ ရှိလို့ အခုလို တောင်းခံရတာ ဖြစ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးဇာနည်ဝင်းက ပြောပါတယ်။

ငွေကြေးပမာဏ ဘယ်လောက်ထောက်ပံ့မှုတွေ ရှိလဲ ဆိုတာကိုတော့ တိတိကျကျ မပြောနိုင်သေးနိုင်ဘူးလို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ဆက်ပြောပါတယ်။

မဘသ အဖွဲ့ရဲ့ ဦးဆောင်သံဃာတော် တပါးဖြစ်တဲ့ ဦးဝီရသူကတော့ မဘသအဖွဲ့ကြီးကို လေးစားကြည်ညိုသူတွေကနေ လှူဒါန်းထားတဲ့ ရန်ပုံငွေဟာ ငွေကျပ် သိန်း (၂)ထောင်ခန့် ရှိပြီး ဒီငွေတွေကို အမျိုးဘာသာသနာ စောင့်ရှောက်ရေး ကိစ္စနဲ့ သဘာဝ ဘေး ကာကွယ်ရေးတွေမှာ သုံးစွဲနေတာ ဖြစ်တယ် ဆိုပြီး သူရဲ့ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ တင်ထားတဲ့ ဗီဒီယိုကတဆင့် မိန့်ကြားထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အပတ်က သာသနာရေးဝန်ကြီးကို ကန့်ကွက်ဆန္ဒပြတဲ့ အမျိုးသားရေးလှုပ်ရှားသူတွေရဲ့ ဆန္ဒပြပွဲကိုလည်း ငွေကြေးလှူဒါန်းတဲ့ အလှူရှင်တွေ ရှိခဲ့ပါတယ်။

သာသနာရေးဝန်ကြီးကတော့ မဘသအပါအဝင် ဘာသာရေးနဲ့ ဆက်စပ်တဲ့ အသင်းအဖွဲ့တွေဟာ ငွေကျပ် သန်းထောင်ချီ ထောက်ပံ့ငွေတွေ ရထားတယ်ဆိုပြီး ပြောထားပါတယ်။

ဒီငွေကြေးတွေနဲ့ ပတ်သက်လို့ သာသနာရေးဌာနက စုံစမ်းမှုတွေ လုပ်နေပြီး အချက်အလက်ခိုင်ခိုင်မာမာ ရပြီဆိုရင်တော့ တရားဝင်ထုတ်ပြန်သွားမယ်လို့ သာသနာရေး ဒုတိယအမြဲတမ်း အတွင်းဝန်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ