ဦးကိုနီအမှုရဲ့ တရားခံပြေး အောင်ဝင်းခိုင်ကို ရှာဖွေမှုတွေ တိုးလုပ်ဖို့ ညွှန်ကြား

  • 27 မေ 2017
ဓာတ်ပုံ မူပိုင် MOI
Image caption ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတင်ချက်အရ အောင်ဝင်းခိုင် ဘယ်နေရာအထိ နောက်ဆုံး ရောက်ခဲ့သလဲ ဆိုတာကိုတော့ အသေးစိတ် ပြန်လည် စစ်ဆေးရဦးမယ်

NLD ပါတီရဲ့ ဥပဒေ အကျိုးဆောင် အဖွဲ့ဝင် ဦးကိုနီ လုပ်ကြံခံရမှုရဲ့ ဆက်စပ် တရားခံ အောင်ဝင်းခိုင်ကို နေပြည်တော် အနီးတဝိုက် ရှာဖွေမှုတွေ တိုးမြှင့် လုပ်ဆောင်ဖို့ ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

တရားခံပြေး အောင်ဝင်းခိုင်ကို နောက်ဆုံးတွေ့ရှိရတဲ့ နေပြည်တော် ပရဆေး ဥယျာဉ်နဲ့ နေပြည်တော်နယ်မြေ အနီးတဝိုက်က မှုခင်းတပ်ဖွဲ့တွေ အနေနဲ့ ထပ်မံ တိုးမြှင့် စစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် ပထမဆုံး ထုတ်ထားပြီးတဲ့ ဖမ်းဝရမ်း မိတ္တူနဲ့အတူ ညွှန်ကြားချက် ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ တရားခံ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေတဲ့ အထက်တန်းရှေ့နေ ဦးအောင်ခိုင်က ဘီဘီစီကို ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်တဲ့ ပြည်ထဲရေးဝန်ကြီးဋ္ဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ လွတ်မြောက်နေဆဲဖြစ်တဲ့ တရားခံ အောင်ဝင်းခိုင်ဟာ အဲဒီ နေပြည်တော် ပရဆေး ဥယျာဉ်နားမှာ ပျောက်ဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုလို အောင်ဝင်းခိုင် ပျောက်ဆုံးသွားတယ်ဆိုတဲ့ ပရဆေးဥယျာဉ်တဝိုက်မှာ လုံခြုံရေး ကင်မရာ တပ်ဆင်ထားခြင်းမရှိဘူးလို့ နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က ဘီဘီစီကို ပြောပါတယ်။

လောလောဆယ်မှာတော့ လှည့်ကင်း၊ စောင့်ကြည့်ကင်းတွေနဲ့ တရားခံကို ရှာတွေ့ဖို့ ဆက်လက် စုံစမ်းနေပြီး တစုံတရာ သဲလွန်စ မရသေးဘူးလို့ သူက ပြောပါတယ်။

ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတင်ချက်အရ အောင်ဝင်းခိုင် ဘယ်နေရာအထိ နောက်ဆုံး ရောက်ခဲ့သလဲ ဆိုတာကိုတော့ အသေးစိတ် ပြန်လည် စစ်ဆေးရဦးမယ်လို့ ရဲမှူးကြီး ဇော်ခင်အောင်က ဘီဘီစီကို ပြောဆိုထားပါတယ်။

ဦးကိုနီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ လကုန်ပိုင်းက ရန်ကုန်လေဆိပ်မှာ လုပ်ကြံခံခဲ့ရတာ ဖြစ်ပြီး အဓိက ကျူးလွန်သူ သေနတ်သမား ကြည်လင်းနဲ့ တခြား ဆက်စပ် တရားခံ သုံးဦးကို ဖမ်းဆီး ရမိထားသလို ရုံးတင်စစ်ဆေးမှုတွေလည်း ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ