ငြိမ်းချမ်းရေးညီလာခံ ရက်တိုး

  • 27 မေ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption အကြိတ်အနယ် ညှိနေရတဲ့ ငြိမ်းချမ်းရေး ညီလာခံ

အစိုးရ၊ တပ်မတော်နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ ပါဝင်ဆွေးနွေးနေတဲ့ ၂၁ ရာစု ပင်လုံ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဒုတိယအကြိမ်အစည်းအဝေး မှာ ညှိနှိုင်းလို့ မရတဲ့အချက်တွေ ကို ထပ်ပြီး ဆွေးနွေးဖို့လိုနေတာကြောင့် ညီလာခံ ကို ၁ ရက်ထပ်တိုး ကျင်းပ ပါလိမ့်မယ်။

နိုင်ငံရေး ကဏ္ဍ မှာ အဆိုပြုထားတဲ့ ခေါင်းစဉ် တွေဖြစ်တဲ့ အချုပ်အခြာအာဏာ၊ အချုပ်အခြာ အာဏာကျင့်သုံးမှု၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးမူ၊ ပါတီစုံဒီမိုကရေစီ စနစ် စတဲ့ ခေါင်းစဉ် ၆ ခု အောက် ကအဆိုပြုချက် စုစုပေါင်း ၂၁ ချက် ကို ဆွေးနွေးကြတဲ့နေရာမှာ ဘယ်အချက်မှ သဘောတူချက် မရခဲ့ပါဘူး။

အထူးသဖြင့် နိုင်ငံကနေ ခွဲထွက်ခွင့်မရှိစေရ ဆိုတဲ့ အပိုင်းကို ဆွေးနွေးငြင်းခုံတာတွေ များပြား ခဲ့ပါတယ်။

လုံခြုံရေး ကဏ္ဍမှာလည်း တခုတည်းသော တပ်မတော် ကိစ္စ ဆိုတာ ကို ဆွေးနွေးကြရာမှ အဆင်မပြေကြပါဘူး။

အခုလို ညှိနှိုင်းမှုတွေ အဆင်မပြေသေးတဲ့အတွက် စနေနေ့မှာ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မီတီ UPDJC အစည်းအဝေး ကိုလည်း မကျင်းပဖြစ်ပဲ ရွှေ့ဆိုင်းလိုက်ပါတယ်။

အရင်က ၂၁ ရာစု ပင်လုံ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဒုတိယအကြိမ်အစည်းအဝေး ကို မေလ ၂၈ ရက်မှာ အဆုံးသတ်ဖို့ စီစဉ်ထားခဲ့ပါတယ်။