မဘသကို ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း အဖြစ် အမည်ပြောင်း

  • 28 မေ 2017
ဓာတ်ပုံ မူပိုင် ShweInnThar Khin Mg Win
Image caption မဘသ လုပ်ငန်းစဉ် ဖြစ်တဲ့ တိုင်းပြည်နဲ့ လူမျိုးနဲ့ ဘာသာနဲ့ သာသနာ အကျိုးပြု လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဦးဆောင်သံဃာတပါးဖြစ်တဲ့ ဆရာတော် ဒေါက်တာ သောပါက က ဘီဘီစီကို ပြော

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ရဲ့ အစည်းအဝေး နောက်ဆုံးနေ့ဖြစ်တဲ့ မေလ ၂၈ ရက်နေ့မှာ မဘသလို့ အတိုကောက်ခေါ်တဲ့ အဖွဲ့ အမည်ကို ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း အဖြစ် အမည်ပြောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

နိုင်ငံတော် သံဃ မဟာ နာယက အဖွဲ့ရဲ့ မဘသ နာမည်ကို မသုံးဖို့ ညွှန်ကြားချက်ကို လေးစား လိုက်နာတဲ့ အနေနဲ့ အခုလို အမည်ပြောင်းရတာ ဖြစ်ပြီး မဘသ လုပ်ငန်းစဉ် ဖြစ်တဲ့ တိုင်းပြည်နဲ့ လူမျိုးနဲ့ ဘာသာနဲ့ သာသနာ အကျိုးပြု လုပ်ငန်းတွေကိုပဲ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဦးဆောင်သံဃာတပါးဖြစ်တဲ့ ဆရာတော် ဒေါက်တာ သောပါက က ဘီဘီစီကို ပြောပါတယ်။

ဒီအဖွဲ့ဟာ သံဃာ့စည်းမျဉ်းနဲ့ ဖွဲ့စည်းထားတာ မဟုတ်သလို အခုလို အဖွဲ့အမည်သစ်ကိုလည်း မှတ်ပုံတင်ဖို့ အစီအစဉ်မရှိဘူးလို့ ဆရာတော်က ပြောပါတယ်။

မဘသ အဖွဲ့ အပါအဝင် ဘာသာရေး၊ လူမှုရေး အသင်းအဖွဲ့တွေရဲ့ ငွေကြေး စီးဆင်းမှုတွေကို အစိုးရက စုံစမ်းနေတာနဲ့ ပတ်သက်ပြီးတော့လည်း အခုလို နာမည် ပြောင်းလဲ လိုက်တဲ့ အဖွဲ့ကိုလည်း လာရောက် ကြည့်ရှု စုံစမ်းနိုင်ပါတယ်လို့လည်း ဆရာတော် ဒေါက်တာ သောပါက က ပြောပါတယ်။

အစောပိုင်းမှာ နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့က မဘသ ဟာ သံဃာ့စည်းမျဉ်းနဲ့ မကိုက်ညီတဲ့ တရားမဝင် အဖွဲ့အစည်းဖြစ်လို့ ဒီနာမည်ကို မသုံးဖို့နဲ့ ဆိုင်းဘုတ်တွေကိုပါ ဖြုတ်ပေးဖို့ မေလ ၂၃ နေ့က ဆုံးဖြတ်ချက် ချထားတာနဲ့ ပတ်သက်လို့ မဘသက အဖွဲ့ဝင်တွေကို အထူးအသိပေး ရှင်းလင်းပွဲ အနေနဲ့ မေလ ၂၇ရက်နေ့က စပြီး ၂ ရက်ကြာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ