စစ်တပ် ရဲ့ ရိုက်နှက်မှု ဗီဒီယို လူ့အခွင့်အရေး အဖွဲ့ ထုတ်ပြန်

  • 28 မေ 2017
Image caption ဓါးကိုင်ပြီး ခြိမ်းခြောက်မှုတွေ လုပ်ပြီး ညှင်းပန်း နှိပ်စက် နေ

ရှမ်းပြည်နယ်က ကွတ်ခိုင် မြို့နယ် က နမ့်ဖက်ကာရွာသားတွေကို အစိုးရစစ်တပ်က ရိုက်နှက် နှိပ်စက်တယ် ဆိုတဲ့ ရုပ်သံဖိုင် တခုကို Fortify Rights ဖော်တီဖိုင်း ရိုက် လူ့အခွင့်အရေး အဖွဲ့က ထုတ်ပြန်လိုက်ပြီး အာဏာပိုင်တွေက အမြန်ဆုံး စုံစမ်းစစ်ဆေးပေးဖို့ ဒီအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

အဲဒီ ဗီဒီယို ဖိုင် က အရှည် အားဖြင့် ၁၇ မိနစ်ကျော် ရှိပြီး စစ်သား တွေက ရွာသားတွေကို ရိုက်နှက် နေတာတွေ၊ စစ်ဉီးထုပ် အမာစား နဲ့ ရိုက်နှက် နေတာတွေ၊ ဓါးကိုင်ပြီး ခြိမ်းခြောက်မှုတွေ လုပ်ပြီး ညှင်းပန်း နှိပ်စက် နေတာ ဖြစ်ပါတယ်။

စစ်သားတွေရဲ့ ဝတ်စားဆင်ယင်မှု ကို ကြည့်ချင်း အားဖြင့် လက်ရှိ တာဝန် ထမ်းဆောင် နေတဲ့ စစ်သား တွေ ဖြစ်ပြီး ကွတ်ခိုင် မြို့နယ်မှာ အခြေ စိုက်တဲ့ တပ်ရင်း ၈၈ ရဲ့ အမှတ် တံဆိပ်တွေကို တပ်ဆင် ထားတယ်လို့ Fortify Rights အဖွဲ့ ဘက်က ပြောပါတယ်။

သူတို့ ကိုင်ဆောင်ထား တဲ့ လက်နက်တွေ ကလည်း လက်ရှိ စစ်တပ်မှာ သုံးစွဲ နေတဲ့ လက်နက်တွေ ဖြစ်ပြီး အဖွဲ့အစည်း တစ်ခုခု က ပုံမှား ရိုက်တာမျိုးလည်း မဟုတ်ဘူးလို့ ပြောပါတယ်။

အဲဒီ ရုပ်သံဖိုင်ထဲက စစ်သားတွေရဲ့ မြန်မာ စကား ပီပီသသ ပြောကြားမှု ကြောင့် ဒါကလည်း စစ်တပ် ကို အသွင် သဏ္ဍန်ယူ ပုံမှား ရိုက် လုပ်ကြံတာ မျိုး မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

ရွာသားတွေကို အစိုးရ စစ်တပ် က ဆက်လက် ဖမ်းဆီးထားပြီး ဘယ်နေရာမှာ ထိန်းသိမ်း ထားတယ် ဆိုတာကတော့ လောလောဆယ်မှာ မသိရသေးဘူးလို့ ပြောပါတယ်။

ဒီဗီဒီယိုကို ကြည့်ချင်း အားဖြင့် စစ်တပ် က လူ့အခွင့်အရေး ချိုးဖောက်မှု တွေ လုပ်နေတယ်ဆိုတာ သုံးသပ်လို့ ရတယ်လို့ ဒီအဖွဲ့ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကျွမ်းကျင်သူ နစ်ကီဒိုင်းမွန်း ပြောပါတယ်။

စွပ်စွဲလိုက်ပြီး အခုလို ဖြစ်ပွားခဲ့တဲ့ နေရာမှာ ဆက်လက် စစ်ဆေးမှုတွေ ပြုလုပ်ဖို့လိုပြီး တိုင်းရင်းသားအဖွဲ့ဘက်ကရော အစိုးရစစ်တပ်ဘက်ကပါ ပူးပေါင်းဆောင်ရွက်ဖို့လိုမယ်လို့ သူက ပြောပါတယ်။