စစ်ရှောင်ကချင်လူငယ် ၃ ယောက် အသတ်ခံရ

  • 28 မေ 2017
Image caption လူငယ်တွေရဲ့ အလောင်းကို ရွာနဲ့ ၅ မိုင်လောက် အကွာက ရှာတွေ့

မေ၂၅ ညဦးပိုင်းက ကချင်ပြည်နယ် မံစီမြို့နယ် မိုင်ခေါင်ရွာ စစ်ရှောင် ဒုက္ခသည်စခန်းက ကချင်လူငယ် ၃ ယောက်ကို အစိုးရတပ်မတော်က ဖမ်းသွားပြီး သတ်ပစ်လိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။

မံစီမြို့နယ် မိုင်ခေါင်ရွာမှာရှိတဲ့ RC ဒုက္ခသည်စခန်း က အသက် ၂၂နှစ်အရွယ် ကိုမရန်ဘရန်ဆိုင်း၊ အသက် ၃၁ နှစ်အရွယ် ကိုအင်ခွမ်ဂမ်အောင်နဲ့ အသက် ၂၇ နှစ်အရွယ် ကိုလဗျနော်ခွမ်တို့ကို မေ ၂၅ ရက်ည ၇ နာရီကျော်က ခမရ ၃၁၉ ရဲ့ ရှေ့တန်းစစ်ကြောင်းက ဖမ်းသွားပြီး နောက်ရက်မှာ သတ်ပစ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်ခေါင်စစ်ရှောင်စခန်း တာဝန်ခံ ဦးဘရန်နူးကို ဘီဘီစီက ဆက်သွယ်မေးကြည့်တော့ အလုပ်ကအပြန်မှာ စစ်ကြောင်းက ခေါ်သွားပြီး နောက်တနေ့မနက်မှာ သေနတ်သံ ကြားရကြောင်း၊ အဲဒီနယ်မြေမှာ တခြားလက်နက်ကိုင် လှုပ်ရှားမှု မရှိဘဲ အစိုးရတပ်သာ ရှိကြောင်း ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကို ဆက်သွယ်မေးမြန်း အတည်ပြုလို့ မရသေးပါဘူး။

အသတ်ခံရလို့ သေဆုံးသွားတဲ့ လူငယ်တွေရဲ့ အလောင်းဟာ မေ ၂၈ ညနေပိုင်းမှ ရွာနဲ့ ၅ မိုင်လောက် အကွာကနေ ရှာတွေ့တယ်လို့လည်း မိုင်ခေါင်ရွာ အုပ်ချုပ်ရေးမှူး ဦးနော်ဘောက်က ပြောပါတယ်။

သေဆုံးသူတွေရဲ့ အလောင်းကို သက်ဆိုင်ရာက လာစစ်ဆေးတာမရှိသေးလို့ ရွာသုသာန်မှာ မြေမမြှုပ်သေးဘဲ ထားထားတယ် လို့လည်း သိရပါတယ်။

ဒီဖြစ်စဉ်ဟာ မိုင်ခေါင်ရွာတဝိုက်မှာ ပထမဆုံးဖြစ်တာမို့ ဒေသခံတွေ ထိတ်လန့်နေကြတယ်လို့လည်း ပြောကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ