၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး ပြီးဆုံး

  • 29 မေ 2017

၆ ရက်ကြာ ကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံအပြီးမှာ အစုအဖွဲ့အသီးသီးက ခေါင်းဆောင်တွေက ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း (၁) အဖြစ် လက်မှတ် ရေးထိုး ခဲ့ကြ ပါတယ်။

Image caption ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ကို လက်မှတ်ရေးထိုး

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ကဏ္ဍတွေမှာ အချက် ၃၇ ချက် သဘောတူ ညီပြီး လက်မှတ် ရေးထိုး ခဲ့တာပါ။

နိုင်ငံရေးပိုင်း ကဏ္ဍထဲမှာ ဖက်ဒရယ် စနစ် အခြေခံတဲ့ ပြည်ထောင်စု ဖွဲ့ဖို့လည်း သဘောတူ ခဲ့ကြ ပါတယ်။ ပါတီစုံ ဒီမိုကရေစီ စနစ်ကျင့်သုံးရေး တိုင်းဒေသကြီးနဲ့ ပြည်နယ် များသည် အခွင့် အာဏာ တန်းတူ ရှိရမည် ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

ဒါပေမယ့် နိုင်ငံရေးပိုင်းမှာ ပြည်ထောင်စု အတွင်းက ခွဲမထွက်ရ ဆိုတာနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်က သဘောမတူ ပါဘူး။

လုံခြုံရေး ကဏ္ဍမှာလည်း အချက် အားလုံး သဘော မတူနိုင်ခဲ့ ပါဘူး။

ဓာတ်ပုံ မူပိုင် AFP
Image caption ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး လမ်းကြီး အပေါ် လျှောက်လှမ်း လိုက်တဲ့ အရေးကြီးတဲ့ ခြေ လှမ်း တစ်ခု ဖြစ်တယ်

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညီလာခံ အပြီး မိန့်ခွန်းမှာ အခုလို စာချုပ် ချုပ်ဆို နိုင်တာ ဟာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး လမ်းကြီး အပေါ် လျှောက်လှမ်း လိုက်တဲ့ အရေးကြီးတဲ့ ခြေ လှမ်း တစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ ပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ကလည်း တိုင်းရင်းသားတွေ ကြားမှာ အတိုင်းအတာ တစ်ခုအထိ ယုံကြည်မှု တည်ဆောက် နိုင်ခဲ့ပြီး ဒါဟာ ယုံကြည်မှုရဲ့ ပြယုဒ် တစ်ခု ဖြစ်တယ် လို့လည်း သူ့ရဲ့ မိန့်ခွန်းမှာ ထည့် ပြောသွား ပါတယ်။

ဒီလို သဘောတူညီ နိုင်တာတွေ ရှိပေမဲ့ နိုင်ငံရေး ကဏ္ဍမှာ အဓိက အရေးပါတဲ့ စကားလုံးတွေကို သဘော မတူနိုင် ခဲ့ပါဘူး။ ဒီ အတွက် ရှေ့ ဆက်သွားမယ့် ခရီးစဉ်မှာတော့ စိန်ခေါ်မှုတွေ အများကြီး ရှိနေဦးမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption အများစုကို ကြည့်မယ် ဆိုရင် တပ်မတော်က မကန့်ကွက်တဲ့ အချက်တွေ ကိုသာ သဘောတူ နိုင်ခဲ့ တာ ဖြစ်

သဘောတူခဲ့တာ တွေ အများစုကို ကြည့်မယ် ဆိုရင် တပ်မတော်က မကန့်ကွက်တဲ့ အချက်တွေ ကိုသာ သဘောတူ နိုင်ခဲ့ တာ ဖြစ်ပါတယ်။

NLD ပါတီက အစဉ် တစိုက် ပြောခဲ့တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု စကားရပ် အစား ဒီညီလာခံ မှာတော့ တပ်မတော်က သုံးနှုန်း လေ့ရှိတဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု လို့ အတည်ပြုခဲ့ တာဟာလဲ ထင်ရှားတဲ့ သာဓက ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်ထောင်စု သဘောတူ စာချုပ် ထဲက အချက် တွေဟာ ညီလာခံ တက်ရောက် လာတဲ့ ကိုယ်စားလှယ်တွေကြားမှာ ကျေကျေ လည်လည် ဆွေးနွေးလို့ ရလာတဲ့ အချက်တွေ မဟုတ်သလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး လည်း ပါဝင်သေးတာ မဟုတ်ပါဘူး။

ဒါကြောင့် တိုင်းပြည်အတွက် ငြိမ်းချမ်ရေး အတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ဘယ်လောက် အထိ ခိုင်မာမှု ရှိတဲ့ ရလဒ်လည်း ဆိုတာ တော့ စဉ်း စားဖို့ လိုတယ်လို့ လေ့လာသူ အချို့ ကပြောကြပါတယ်။